Idiots အဖွဲ့မှ အဆိုတော် ရေမွန်ဟာ ယနေ့၊ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ အဆိုတော် ရေမွန်ဟာ လူတွေ ပြောနေကြသလို ငှက်ဖျားရောဂါကြောင့် ဆုံးပါးသွားတာ မဟုတ်ဘဲ အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်ပြီး ဆုံးတာလို့ အဆိုတော် နိုဗန်ထူးက ဆိုပါတယ်။
“နဂိုကတည်းက ကိုတွတ် (ရေမွန်) က အစားအသောက် မမှန်ခဲ့မိတာ။ အိပ်သိပ်မပျော်၊ နေမကောင်းတာလေးတွေ ရှိခဲ့တယ်။ အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ်။ ဒါပေမဲ့ အခုတလော နေပြန်ကောင်းနေ၊ အိပ်လို့လည်း ကောင်းကောင်းရတယ်ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ”
“မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျနော့်ကိုတောင် လှမ်းပြောခဲ့သေးတယ်။ ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ်။ ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ။ ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ အခုလို ဖြစ်သွားရတာပါ”လို့ နိုဗန်ထူးက ဆိုပါတယ်။
ဆက်လက်ပြီး နိုဗန်ထူးက ကောလာဟလတွေကို အလွယ် မယုံကြဖို့နဲ့ ဆုံးပါးသွားသူ တယောက်ကို သိက္ခာ လိုက်ချနေတာမျိုး ရပ်တန်းက ရပ်ဖို့ ပြောထားပါတယ်။
“လူတွေ ပြောနေသလို ငှက်ဖျားကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး။ ကောလာဟလတွေကို အလွယ် မယုံကြဖို့နဲ့၊ ကိုယ်သေချာမသိဘဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ ပြောချင်ပါတယ်”လို့ နိုဗန်ထူးက ပြောထားပါတယ်။
အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ “ချန်ခဲ့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ”၊ “သေလို့ရတယ်”၊ “ဆုလာဘ်” ၊ “တွေ့ရတာ ဝမ်းသာတယ်” စတဲ့ သီချင်းများနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်က သူ့ရဲ့ တတိယ အယ်လ်ဘမ် “လူအဂီတ” တေးစီးရီး ထွက်ရှိခဲ့ပါတယ်။