ယခုကာလအတွင်း လိုအပ်တဲ့ နေရာများသို့ တတ်အားသရွေ့ စုပေါင်း လှူဒါန်းပေးနေတဲ့ အဆိုတော် မီးနိုက ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာများနဲ့ စစ်ဘေးရှောင် နယ်မြေမှာ အဓိက လိုအပ်နေတဲ့ ဆေးဝါးတွေ၊ အဝတ်အစားတွေကို အောင်မြင်စွာ လှူဒါန်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“မီးနိုရဲ့ ပရိသတ်၊ မောင်နှမတွေနဲ့အတူ ကရင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူလေးကတော့ အထမြောက်သွားခဲ့ပါပြီရှင်”
“မီးနိုတို့ရဲ့ ပရိသတ်၊ မောင်နှမတွေ အားလုံးရဲ့ စေတနာ၊ သဒ္ဓါတရားတွေဖြစ်တဲ့ ဆန်အိတ် ၅၀၊ ငါးသေတ္တာဘူး ၁၀၀၀၊ စစ်ဘေးရှောင်နယ်မြေမှာ အဓိက လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းများ အပါအဝင် အလှူရှင်တို့ရဲ့ အဝတ်အစားများကို နေရပ်စွန့်ခွာ ရှောင်တိမ်းနေရတဲ့ မီးနိုတို့ရဲ့ ကရင်တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဆီကို အောင်အောင်မြင်မြင် ပို့ဆောင် လှူဒါန်းပေးနိုင်ခဲ့ပါပြီ”လို့ မီးနိုက ပြောပါတယ်။
အခုလို စုပေါင်း လှူဒါန်းပေးကြသူများနဲ့ အခက်အခဲတွေကြားကနေ မြေပြင်အထိ ရောက်အောင် လှူဒါန်းပေးတဲ့ အဖွဲ့သားတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ မီးနိုက ဆိုပါတယ်။
“အခုလို စုပေါင်းအလှူလေး ဖြစ်မြောက်ဖို့အတွက် မီးနိုဆီကို ယုံယုံကြည်ကြည်နဲ့ ပါဝင် လှူဒါန်းပေးကြတဲ့ မီးနိုရဲ့ ပရိသတ်၊ မောင်နှမ အားလုံးနဲ့ မြေပြင်အခြေအနေ အမျိုးမျိုးကြားကနေ သွားရောက် ပို့ဆောင် လှူဒါန်းပေးတဲ့ မီးနိုတို့ရဲ့ အဖွဲ့သားတွေ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ”
“မီးနိုတို့ရဲ့ စုပေါင်း အလှူလေးက စစ်ဘေးရှောင် တိုင်းရင်းသား မောင်နှမတွေအတွက် တဖက်တလမ်းကနေ အကူအညီ အထောက်အပံ့လေး ဖြစ်သွားတယ်ဆိုရင်ပဲ မီးနိုတို့ ကျေနပ်ရပါပြီ။ စာကြွင်း- ဒေသခံတွေနဲ့ မီးနိုတို့ အဖွဲ့ရဲ့လုံခြုံရေးအတွက် ပုံလေးတွေ အနည်းငယ်ပဲ တင်ပေးရတဲ့အတွက်လည်း နားလည်ပေးကြပါနော်”လို့ မီးနိုက ပြောထားပါတယ်။
အဆိုတော် မီးနိုကတော့ ယခု ကာလအတွင်း သူတတ်နိုင်တဲ့ဘက်ကနေ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေထံ တတ်အားသရွေ့ စုပေါင်းကာ ကူညီ လှူဒါန်းပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ကင်းမရွာ မီးလောင်မှုကို ရင်ကွဲမတတ် စိတ်မကောင်းဖြစ်နေတဲ့ မီးနို
နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူများရဲ့ မိသားစုများထံ သွားရောက် လှူဒါန်းခဲ့တဲ့ မီးနို
ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် သွားရောက် လှူဒါန်းမယ့် မီးနို