ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ဒီအချိန် ခံဝန်ထိုးပြီး အိမ်မှာ အေးဆေးပြန်နေရမယ်ဆိုရင်တောင် အရေးတော်ပုံ မအောင်မချင်း အိမ်မပြန်ဘူးလို့ ပြတ်သားစွာ ဆိုလိုက်ပါတယ်။
“ခံစားချက်ကို ဦးစားပေးခဲ့မိလို့ မှားသွားပါတယ်လို့ ခံဝန်လေး ထိုးပြီး အိမ်မှာ အေးဆေး ပြန်နေရမယ်တဲ့လား။ မိသားစုနဲ့ ပြန်တွေ့ရမယ်တဲ့လား။ အလုပ်တွေ ပြန်လုပ်ရမယ်တဲ့လား။ တချို့တွေ အသက်တွေ ပေးသွားကြပြီ။ တချို့တွေ ထောင်ထဲ ရောက်ကုန်ကြပြီ။ တချို့တွေ အားလုံးကို ပစ်ချထားခဲ့ပြီး လက်နက်တွေ ကိုင်နေကြရပြီ”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
“အဖြစ်မရှိသူ” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် သူ့အတွက် လုံလောက်ပြီး၊ “သစ္စာဖောက်” ဆိုတဲ့ တံဆိပ်တော့ အကပ်မခံပါရစေနဲ့လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

“သူတို့တွေ အိမ်ပြန်လို့ မရကြတော့ဘူး။ မိသားစုနဲ့လည်း ကွဲကွာကုန်ကြပြီ။ သူတို့ချစ်တဲ့ အလုပ်တွေလည်း လုပ်ခွင့် မရကြတော့ဘူး။ အဲဒီ့လူတွေကို ငါရှက်တယ်။ အဖြစ်မရှိသူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် ငါ့အတွက် လုံလောက်ပါပြီ။ သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့ အကပ်မခံပါရစေနဲ့။ အရေးတော်ပုံ မအောင်မချင်း ငါအိမ်မပြန်ဘူး”လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။
ပိုင်ဖြိုးသုနဲ့ ခင်ပွန်း ဒါရိုက်တာ ဏကြီးတို့ နှစ်ဦးစလုံးဟာ ဖေဖော်ဝါရီလ အစတည်းက ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ယခုလည်း ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေကြဆဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကို ကျန်းမာရေး ဂရုစိုက်ကြဖို့နဲ့ ဘေးရန်ကင်းဖို့အတွက်လည်း ပရိသတ်တွေက ဆုတောင်းပေးထားကြပါတယ်။
သရုပ်ဆောင် ပိုင်ဖြိုးသုက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးနေတဲ့ အနုပညာရှင်စုံတွဲ ဖြစ်ပါတယ်။
You may also like these stories:
“အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် ရှောင်ရပြေးရတာ စာမဖွဲ့လောက်ဘူး”
ဘဝမှာ နောင်တ နည်းနိုင်သမျှ နည်းအောင် နေချင်တယ်ဆိုတဲ့ ပိုင်ဖြိုးသု
“ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး”လို့ ပိုင်ဖြိုးသု ဆို