Idiots Band ရဲ့ ပင်တိုင်အဆိုတော် ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့က အစာအိမ်သွေးကြော ပေါက်ကာ ကွယ်လွန်သွားခဲ့ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တော်လှန်ရေး ရဲဘော်တဦး အနေနဲ့ ပါဝင်ခဲ့တဲ့ ရေမွန်ဟာ ကနဦးက ငှက်ဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့တာလို့ ကောလာဟလ သတင်းများ ထွက်ရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဆိုတော် နိုဗန်ထူးက ရေမွန်ဟာ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်တာ မဟုတ်ကြောင်း၊ အခန့်မသင့်လို့ အစာအိမ်သွေးကြော ပေါက်ကာ ကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း ပြန်လည် ရှင်းပြခဲ့ပါတယ်။
တေးရေး၊ တေးဆို အဆိုတော် ဆောင်းဦးလှိုင်က ရေမွန် ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ရေးသား ပြောထားပါတယ်။
“အာဏာရှင်ရဲ့ မိစ္ဆာတပ်တွေ သေနတ်နဲ့ ပစ်ခတ်လို့ ကျဆုံးရတယ်။ ဖမ်းဆီးနှိပ်စက်လို့ ကျဆုံးရတယ်။ စစ်ဘေးရှောင် စခန်းတွေ၊ အခြားဒေသတွေကို ရှောင်တိမ်းရင်း အခန့်မသင့်လို့ ကျဆုံးရတယ်”
“ငှက်ဖျားဖြစ်ဖြစ်၊ အစာအိမ်သွေးကြော ပေါက်တာပဲဖြစ်ဖြစ် တေးရေး၊ တေးဆို ရေမွန် ကွယ်လွန်ရတာ အာဏာရှင်တွေကို တော်လှန်ရင်း ကျဆုံးရတာပါ။ မိစ္ဆာတွေနဲ့ အလိုတော်ရိတွေဟာ ကွယ်လွန် ကျဆုံးခဲ့ရပြီးတာတောင် နာမည်ဖျက်ဖို့ မဟုတ်မမှန် သတင်းကို လွှင့်ကြတာပါ”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
လူထုအာဏာ ပြန်ရတဲ့အခါ နွေဦးတော်လှန်ရေး သူရဲကောင်းတွေအတွက် ဗိမာန်မှာ တော်လှန်ရေး ရဲဘော်အားလုံးကို မော်ကွန်းတင် ဂုဏ်ပြုဖို့ ဆောင်းဦးလှိုင်က အခုလိုပဲ ဆိုပါတယ်။
“မကြာခင် လူထုအာဏာ လူထု ပြန်ရတဲ့အခါ တည်ဆောက်ကြမယ့် နွေဦးတော်လှန်ရေး သူရဲကောင်း ဗိမာန်မှာ ရေမွန်နဲ့ အနုပညာသမားတွေ အပါအဝင် အခြား ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး ရဲဘော် အားလုံးကို မော်ကွန်းတင် ဂုဏ်ပြုကြပါစို့”လို့ ဆောင်းဦးလှိုင်က အကြံပြုထားပါတယ်။
ရေမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ရေမွန် (ခ) တွတ်ပီရဲ့ နာရေးအား သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက လိုက်လံ ပို့ဆောင်ပေးခဲ့ကြပါတယ်။
အဆိုတော် ရေမွန်ဟာ “ချန်ခဲ့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ”၊ “သေလို့ရတယ်”၊ “ဆုလာဘ်” ၊ “တွေ့ရတာ ဝမ်းသာတယ်” စတဲ့ သီချင်းများနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်က သူ့ရဲ့ တတိယ အယ်လ်ဘမ် “လူအဂီတ” တေးစီးရီး ထွက်ရှိခဲ့ပါတယ်။
You may also like these stories:
အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ
စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်
ဂီတကြယ်ပွင့် ရေမွန်အတွက် တေးရေး စံပီး ဂုဏ်ပြု ရေးတဲ့စာ