တော်လှန်ရေး နယ်မြေကို ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က အဆိုတော် ရေမွန် ကွယ်လွန်မှုအပေါ် အနုပညာမောင်နှမ အချင်းချင်း စိတ်မကောင်းဖြစ်ရသလို၊ တော်လှန်ရေး ရဲဘော် တယောက် အနေနဲ့လည်း နှမြောတသ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
ဒီကနေ့ (ဇွန်လ ၂၅ ရက်) ရေမွန်ရဲ့ ဈာပန အခမ်းအနားနေ့မှာတော့ ထားထက်ထက်က သူသေမှ ဝမ်းနည်းပါတယ်လို့ လာမရေးကြဖို့နဲ့ အသက်ရှင်နေစဉ်မှာ စခန်းတွေကို လိုအပ်တာ လှူဒါန်းပေးကြဖို့ လူမှုကွန်ရက်ကနေ ပြောထားပါတယ်။
“ကျမ သေမှ နှမြောပါတယ်၊ ဝမ်းနည်းပါတယ်၊ RIP ပါ ဆိုတာတွေ ကျမ wall မှာ၊ ကျမ page မှာ လာမရေးပါနဲ့။ မမြင်ချင်ပါဘူး”

“ကျမတို့ ရှင်စဉ်အခါမှာ မတရားမှုကို တော်လှန်နေတုန်း ကျမနဲ့ အခြား စခန်းတွေကို လိုအပ်တာတွေ ထောက်ပံ့ လှူဒါန်းပါ။ စခန်းတိုင်း လိုအပ်ချက် ရှိနေတယ်။ သေမှ လုပ်ပေးတာ အကုန်အပိုတွေပါပဲ”လို့ ထားထက်ထက်က ပြောပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးဖို့ လုပ်နိုင်တာ မှန်သမျှကို အစွမ်းကုန် လုပ်သွားမှာ ဖြစ်ပြီး၊ အာဏာရှင်ကို တော်လှန်မယ့် သူရဲကောင်းတွေကို ထောက်ပံ့ ကူညီကြပါလို့ ထားထက်ထက်က ဆိုပါတယ်။
“ကျမတို့ဘက်က စစ်အာဏာရှင်စနစ် ကျဆုံးဖို့ လုပ်နိုင်တာ မှန်သမျှ အဆုံးစွန်ထိ အစွမ်းကုန် လုပ်သွားမှာ။ ကျားဆိုးကို သုတ်သင်ဖို့ သမင်တွေ မွေးပေးနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ ကျားဆိုးကို ရိုက်သတ်မယ့် သူရဲကောင်းတွေကို ထောက်ပံ့ ကူညီပါ”

“ကျားဆိုးကို ရိုက်သတ်ဖို့ ဓါး၊ လှံ လှူပါ။ ကိုရေမွန့် နာရေးကို မြင်ရပြီး ရင်နာနာနဲ့ ရေးဖြစ်တဲ့စာ”လို့ ထားထက်ထက်က ပြောထားပါတယ်။
အလှမယ် ထားထက်ထက်ကတော့ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်ဖို့ တော်လှန်ရေး နယ်မြေသို့ ရောက်ရှိနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
အဆိုတော် ရေမွန်ဟာလည်း တော်လှန်ရေး နယ်မြေကို ရောက်ရှိခဲ့သူ ဖြစ်ပြီး၊ ဒီကနေ့ သူ့ရဲ့ ဈာပန အခမ်းအနားကို တော်လှန်ရေး နယ်မြေမှာပဲ ပြုလုပ်ခဲ့ပါတယ်။
You may also like these stories:
တော်လှန်ရေးရဲဘော် ရေမွန်အတွက် နှမြောတသဖြစ်နေတဲ့ ထားထက်ထက်
ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း