Entertainment

“Raymond Tree” ကမ်ပိန်းမှာ ပါဝင်ဖို့ နိုဗန်ထူး ဖိတ်ခေါ်

Idiots Band ရဲ့ ပင်တိုင်အဆိုတော် ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့က အစာအိမ်သွေးကြော ပေါက်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ ရေမွန်ရဲ့ နာရေးကို ဇွန်လ ၂၅ ရက်နေ့က တော်လှန်ရေးနယ်မြေ တခုမှာ ပြုလုပ်ခဲ့ပါတယ်။

ရေမွန်အား သတိရခြင်း အထိမ်းအမှတ်အဖြစ် ကမ္ဘာမြေကြီးအတွက် သစ်ပင်တွေ စိုက်ပျိုးကြမယ့် “Raymond Tree” ကမ်ပိန်းကို ယနေ့ (ဇွန်၂၇ ရက်) မှာ စတင်ခဲ့ပြီး ဒီကမ်ပိန်းမှာ ပါဝင်ဖို့ အဆိုတော် နိုဗန်းထူးက အခုလိုပဲ ဖိတ်ခေါ်ထားပါတယ်။

“ကိုရေမွန် ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီးတော့ ယူကြုံးမရ ဖြစ်နေတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေ၊ ပြည်သူတွေ၊ ပရိသတ်တွေ၊ ညီအစ်ကို မောင်နှမတွေ အားလုံး ဒီမှာ Raymond Tree ဆိုတဲ့ ကမ်ပိန်းလေးမှာ ဝင်ရောက် ပါဝင်နိုင်ပါတယ်”

အဆိုတော် နိုဗန်ထူး (ဓာတ်ပုံ – သံလွင်ခက် News)

“ကျနော်တို့က အချိန်မရွေး လောကကြီးက ထွက်သွားနိုင်တယ်။ အဲ့အတွက်ကို ကျနော်တို့က ယူကြုံးမရ ဖြစ်တာတော့ အမှန်ပဲ။ သို့သော်ငြားလည်း ဒါကြီးက ရှောင်လွှဲလို့ မရတဲ့အရာ၊ အဲဒီတော့ ကျနော်တို့ ဘာတွေ ပြန်လုပ်ပေးနိုင်တာ ရှိမလဲ”လို့ နိုဗန်ထူးက ပြောပါတယ်။

အဆိုပါ ကမ်ပိန်းမှာ ရေမွန်ကို ချစ်တဲ့သူမှ မဟုတ်ဘဲ မိမိတို့ချစ်တဲ့ မည်သူမဆို ဆုံးပါးသွားတိုင်း ကမ္ဘာကြီးအတွက် အပင်စိုက်ပေးကြပါလို့ နိုဗန်ထူးက ဆိုပါတယ်။

အဆိုတော် နိုဗန်ထူး (ဓာတ်ပုံ – သံလွင်ခက် News)

“ကျနော်တို့က ကမ္ဘာမြေကြီးက ထွက်သွားတယ် ဆိုပေမယ့် ကျန်ခဲ့တဲ့ လူတွေက အဲ့အတွက်ကို အပင်တွေ ပြန်စိုက်ပေးသွားမယ်။ ဒါက သူ့ကို (ရေမွန်) ချစ်တဲ့သူမှ မဟုတ်ပါဘူး။ မိမိတို့ချစ်တဲ့ မည်သူမဆို ကမ္ဘာကြီးက ထွက်သွားတိုင်း ဒီလို အပင်စိုက်တာမျိုးတွေက ကမ္ဘာကြီးကို ပြန်လည် ကုစားပေးတဲ့ နေရာမှာလည်း အသုံးဝင်တယ်”

“ပြီးတော့ အပင်ဆိုတဲ့ အရာက ကောင်းမွန်တဲ့ အရာတွေကိုပဲ ဖြစ်စေတယ်။ အဲဒီတော့ ဒီကမ်ပိန်းလေးမှာ ပါဝင်ကြပါ။ Hashtag #RaymondTree ဆိုပြီး ပါဝင်ဖို့ ကျနော် ဖိတ်ခေါ်ပါတယ်”လို့ နိုဗန်ထူးက ပြောပါတယ်။

နိုဗန်ထူးက ယနေ့ သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေမှာ ရေမွန်ရဲ့ အရိုးပြာအချို့ကို ထည့်သွင်း စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

နိုဗန်ထူး စိုက်ပျိုးခဲ့တဲ့ သစ်ပင် (ဓာတ်ပုံ – သံလွင်ခက် News)

“ခင်ဗျားတို့ ချစ်တဲ့ မည်သူမဆို သေဆုံးသွားတဲ့အခါ အပင်လေးတွေ စိုက်ပြီး အစားထိုးတဲ့ အလေ့အကျင့်တွေ ရှိစေချင်တာပါ။ အားလုံး ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ #RaymondTree နဲ့ အပင်ပုံလေးတွေ တွဲတင်ပေးပါနော်”လို့ နိုဗန်ထူးက ပြောထားပါတယ်။

အဆိုတော် ရေမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ သူ့ရဲ့ ကွယ်လွန်မှုကို မိသားစုဝင်များ၊ အနုပညာရှင်များနဲ့ ပရိသတ်များက နှမြောတသ ပူဆွေး ဝမ်းနည်းနေကြပါတယ်။

You may also like these stories:

ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း

အဆိုတော် ရေမွန် ကွယ်လွန်မှုအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

Loading