ဇွန်လ ၂၃ ရက်နေ့က အစာအိမ် သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ရေမွန် (ခ) တွတ်ပီရဲ့ နာရေး ရက်လည် ဆွမ်းကျွေးကို ဇွန် ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
ရေမွန်ရဲ့ ရက်လည်နေ့မှာ အားလုံး ဝိုင်းဝန်း ကူညီပေးခဲ့ကြလို့ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားခဲ့ပြီး၊ ကူညီခဲ့ကြသူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ညီမဖြစ်သူ လပြည့်ကဗျာက ဆိုပါတယ်။
“ဘပီ ရက်လည်နေ့မှာ အားလုံးဝိုင်းဝန်း ကူညီပေးကြလို့ အဆင်ပြေပြေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဘပီရက်လည် အစမှသည်အဆုံး ပါဝင်ကူညီပေးတဲ့ Idiots မိသားစုဝင်များ၊ ကြွရောက်ပေးကြတဲ့ ဧည့်သည်များ အားလုံးနှင့်တကွ နာရေးကူငွေများ လှူဒါန်းပေးကြတဲ့ အနယ်နယ် အရပ်ရပ်က ချစ်ခင်သူများ အားလုံးကို ရင်ထဲ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါတယ်”
“ကိုဗစ် အခြေအနေအရ အခက်ခဲရှိလို့ လူအများကြီး မဖိတ်နိုင်တာ ဆောရီးပါနော်။ ဗြုန်းစားကြီး ဘပီ ခွဲသွားတော့ အားလုံးရဲ့တာဝန်တွေက ကိုယ့်အပေါ်ပုံကျလာတယ်။ သိပ်တော့ မလွယ်ကူလှဘူးဆိုတာသိပေမယ့် ညီမလေးတို့ မိသားစု အကောင်းဆုံး ရှင်သန်ရပ်တည်ပါ့မယ်လို့ ကတိပေးပါတယ်”လို့ လပြည့်ကဗျာက ပြောပါတယ်။
လူသေသွားပေမယ့် နာမည် မသေတဲ့ အစ်ကို ရေမွန့်အတွက် ဂုဏ်ယူတယ်လို့ လပြည့်ကဗျာက ဆိုပါတယ်။
“လူသေသော်လည်း နာမည် မသေတဲ့ ငါ့အစ်ကိုအတွက် သိပ်ဂုဏ်ယူတယ်။ ဘဝမှာ တခါမှ ဘပီရဲ့ အရိုးပြာကို ကိုယ်တိုင် လာကောက်ရမယ်လို့ ထင်မထားဘူး။ သူတခါ ပြောဖူးတယ် သူ့ကို သေရင် မီးသင်္ဂြိုဟ်မှာ အရမ်းမုန်းတယ်။ ငါကအအေးပဲ ကြိုက်တယ်။ ပူတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေနော်”
“လူတယောက်ကို ချစ်တယ်ဆိုတာ ပါးစပ်ကနေ တဖွဖွ ခဏခဏ ချစ်တယ်ပြောနေတာမျိုး မဟုတ်ဘူး။ သူလိုအပ်နေတဲ့အချိန် ကိုယ့်ဘက်က ကိုယ်တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာမျိုးကိုမှ တကယ် ချစ်တယ်လို့ ခေါ်တာ”လို့ လပြည့်ကဗျာက ပြောထားပါတယ်။
အဆိုတော် ရေမွန်ရဲ့ မိခင် ခင်မြတ်မွန်ကလည်း သားဖြစ်သူရဲ့ နာရေးကို လာရောက် ကူညီပေးကြသူများ၊ သားကို သတင်းမေးခဲ့ကြသူများနဲ့ လွတ်မြောက်နယ်မြေမှာ ရေမွန့်အား ကူညီ စောင့်ရှောက် ပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ရေးသား ပြောဆိုထားပါတယ်။
ရေမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ “ချန်ခဲ့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ”၊ “သေလို့ရတယ်”၊ “ဆုလာဘ်” ၊ “တွေ့ရတာ ဝမ်းသာတယ်” စတဲ့ သီချင်းများက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။
You may also like these stories:
အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ
ရေမွန်နဲ့ ပတ်သက်ရင် ကောင်းတဲ့အရာတွေပဲ ရှိစေချင်တဲ့ နိုဗန်ထူး
တော်လှန်ရေးရဲဘော် ရေမွန်အတွက် နှမြောတသဖြစ်နေတဲ့ ထားထက်ထက်