ယနေ့၊ ဇွန်လ ၃၀ ရက်နေ့မှာ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် အသီးသီးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ခံထားရသူများ အပါအဝင် အကျဉ်းချခံထားရသူ ၂၀၀၀ ခန့် ပြန်လည် လွတ်မြောက်လာမယ် ဆိုတာကြောင့် ပြည်သူများဟာ အကျဉ်းထောင်များရှေ့မှာ လာရောက် စောင့်ဆိုင်း နေကြပါတယ်။
မိမိတို့ရဲ့ မိသားစုဝင်များ၊ ချစ်ခင်ရသူများ ပြန်လည် လွတ်မြောက်လာဖို့ တနေကုန် နေပူပူ၊ မိုးရွာရွာ စောင့်ဆိုင်းနေကြရသူများအပေါ် သရုပ်ဆောင် မင်းမော်ကွန်းက အခုလိုပဲ ဆိုပါတယ်။
“ဘယ်သူ လွတ်မလဲ မသေချာတာတောင် မနက် ၇ နာရီကတည်းက နေပူပူ၊ မိုးရွာရွာ မျှော်လင့်တကြီးလာစောင့်ကြရှာတယ်။ ကိုယ့်သားသမီး ပါမလား၊ ကိုယ့်မြေးလေး များပါမလား၊ ကိုယ့်ခင်ပွန်းသည် ပါလာမလား”

“ကိုယ့်ညီအစ်ကို မောင်နှမတွေ ပါကောင်း ပါမလားရယ်နဲ့ ကိုဗစ်ကာလကြီးမှာတောင် ပါမယ်၊ မပါဘူး မသေချာတာတောင် မနက်ကတည်းက အခုထိ မလွှတ်သေးတာတောင် ဇွဲနဲ့ စောင့်မျှော်နေကြသူများ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ကိုယ်ချစ်တဲ့သူများ ပြန်လွတ်မြောက်ကြပါစေ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
အာဏာရှင် လက်အောက်ကနေ အပြီး လွတ်မြောက်ခြင်း မဟုတ်ပေမယ့် မိသားစုနဲ့ ပြန်ဆုံခွင့်ရတဲ့အတွက် စောင့်မျှော်နေကြသူများကို ကိုယ်ချင်းစာတယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။

“အာဏာရှင် လက်အောက်က အပြီးလွတ်မြောက်ခြင်း မဟုတ်တာတောင် ကိုယ့်မျက်စိအောက် ပြန်ရောက်လာရင်ပဲ စိတ်ပူတာတွေ အနည်းငယ်တော့ သက်သာရမှာပါ။ တကယ် ကိုယ်ချင်းစာနာပါတယ်။ စောင့်မျှော်နေသူများ အားလုံးရဲ့ အပူတွေ သက်သာကြပါစေ ခင်ဗျာ”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
ယမန်နေ့ (ဇွန်လ ၂၉ ရက်နေ့) ညမှာ စစ်ကောင်စီမှ အနုပညာရှင် ၂၄ ဦးအား (မင်းမော်ကွန်း မပါဝင်သေး) ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားခြင်းကို ရုပ်သိမ်းကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
You may also like these stories:
ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ
ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု ကြားဖြတ်အမိန့် ရှုံးနိမ့်