စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဖမ်းဆီးတရားစွဲဆို ခံထားရသူ ၂၀၀၀ ကျော်အား ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ရာ နာမည်ကြီး အနုပညာရှင်များ ပြန်လွတ်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ သရုပ်ဆောင် မေတိုးခိုင်နဲ့ မိတ်ကပ် မေဦးမောင်တို့ နှစ်ဦးသာ ပြန်လည် လွတ်မြောက် လာပါတယ်။
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန် ပြန်လွတ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပြန်မလွတ်သေးတာကြောင့် သူ့ရဲ့ မိသားစုဝင်များက စိတ်မကောင်း ဖြစ်နေကြပါတယ်။
“ကိုယ့်မိသားစုလေး မပျော်ခဲ့ရပေမယ့် ဒီနေ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေကို မြင်ရတော့ မျက်ရည်ကြားက ပီတိဖြစ်ရပြန်တယ်။ ငါတို့ကို Surprise လုပ်ချင်လို့များ မနက်က မထွက်လာတာလားဆိုပြီး အရူးတယောက်လို ငါတွေးနေခဲ့သေးတာ။ ဒီအချိန်ထိဆိုမှတော့”လို့ မေချစ်သွေးက စိတ်မကောင်းစွာ ဆိုပါတယ်။
“မနက်က ပြုံးပျော်နေတဲ့ တို့အမေက အခု ငိုနေတယ်။ တမနက်လုံး အလုပ်ရှုပ်ပြီး ဆူညံနေတဲ့ အိမ်က အခုတော့ တိတ်ဆိတ်လို့။ နင့်သူငယ်ချင်း ဖူးလေး (မေတိုးခိုင်) လွတ်ပြီး နင်မပါတော့ စိတ်မကောင်းဖြစ်နေမလား၊ အားငယ်နေမလားဆိုပြီး ငါ့မှာ တွေးပူရပြန်တယ်။ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြနေရတာ ငါလည်း ပင်ပန်းလှပြီ”
“နင်က မလွတ်တော့ အမေကလည်း ငိုနေတော့ နင်အဖမ်းခံရတာ ငါ့ကြောင့်ဆိုတဲ့ အပြစ်တင်စိတ်ကြီးက ဝင်လာပြန်ပြီ။ ငါဘယ်လို လုပ်ရမှာလဲ”လို့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေးက ပြောထားပါတယ်။
ပိုင်တံခွန် အပါအဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ အဆိုတော် ပိုပိုနဲ့ Beauty Blogger ဝင်းမင်းသန်းတို့ဟာ ပုဒ်မ ၅၀၅-က ဖြင့် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကို Facebook မှာ တင်တဲ့ ပို့စ်များကြောင့် တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ တရားလိုက ထွက်ဆိုထားပါတယ်။
ဖေဖော်ဝါရီလ အစကတည်းက ပြည်သူနဲ့ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်အား ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဒဂုံ နေအိမ်မှာ စစ်ကောင်စီအဖွဲ့က လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
သရုပ်ဆောင်များထဲမှ မေတိုးခိုင် ၁ ဦးသာ ပြန်လွတ်လာ
ပိုင်တံခွန်အား Facebook တွင် တင်သည့် ပို့စ်များကြောင့် တရားစွဲရခြင်းဟု တရားလိုထွက်ဆို
စစ်ကောင်စီက တရားစွဲထားသည့် အနုပညာရှင်များ၏ အမှုအခြေအနေ
စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေး ဆိုးရွားနေ