ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွှန့်ဝင်းဟာ ယနေ့၊ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ မင်းသားကြီး ညွန့်ဝင်းကို ဖခင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၊ မိခင် ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့၊ သထုံမြို့၊ ဇွဲကလာရွာမှာ မွေးဖွားခဲ့ပါတယ်။
ညွှန့်ဝင်းဟာ မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်ပြီး၊ ကလေးဘဝက မန္တလေး အမျိုးသားကျောင်းနဲ့ ရန်ကုန် စိန့်ဖရန့်စ်ကျောင်းတို့မှာ ပညာသင်ယူခဲ့ပါတယ်။ အဲဒီနောက် ၁၀ နှစ်သားအရွယ်မှ အသက် ၂၀ အရွယ်အထိ အိန္ဒိယနိုင်ငံ ဒါဂျီလင်တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပါတယ်။
ညွှန့်ဝင်းဟာ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ၆ လခန့်အကြာမှာ ရေဒီယိုပညာ သင်ယူဖို့ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်တက္ကသိုလ်မှာ ၁ နှစ်ခန့် ပညာသင်ယူကာ ရေဒီယို အီလက်ထရောနစ် ဒီပလိုမာ ရရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ညွှန့်ဝင်းဟာ အင်္ဂလန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စု၊ အော်ရီကန်စတိတ် တက္ကသိုလ်မှာ ဇာတ်ခုံအလင်းအမှောင်နှင့် ဆက်တင်ဆိုင်ရာ ပညာများကို ၁ နှစ်ခန့် သင်ယူခဲ့ပြီး ဇာတ်ခုံ အလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာ ဒီပလိုမာ ရရှိခဲ့ပါတယ်။
မင်းသားကြီး ညွှန့်ဝင်း ပထမဆုံး စတင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဟာ မြဇော်ဖလင်မှ ဒါရိုက်တာ သိန်းဇော် ရိုက်ကူးတဲ့ “သတို့သမီး အလိုရှိသည်” ဇာတ်ကားဖြစ်ပြီး အဲဒီကားမှာ သရုပ်ဆောင် ကြည်စိုး၊ အောင်တင်၊ ခင်သန်းနု၊ အေးအေးသင်း ၊ ဘေဘီနွဲ့၊ ကြယ်နီတို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ ဇာတ်ကားမှာ ညွှန့်ဝင်းရဲ့ သရုပ်ဆောင်မှုအပိုင်းက ထူးခြားမှု မရှိပေမယ့် “အချော့တော်” သီချင်းကို ပရိသတ်တွေ လက်ခံခဲ့ကြပါတယ်။ ညွှန့်ဝင်း ဒုတိယမြောက် ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားကတော့ ဒါရိုက်တာ အေဝမ်းတင်မောင် ရိုက်ကူးတဲ့ “မမထားနှင့် အပါ” ဇာတ်ကား ဖြစ်ပါတယ်။
အဲဒီကားမှာ သရုပ်ဆောင် မြင့်မြင့်ခင်၊ အောင်တင်၊ ဘေဘီနွဲ့တို့နဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့ပြီး အဆိုပါ ဇာတ်ကားမှ စတင်ကာ ညွှန့်ဝင်းရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေ လက်ခံခဲ့ကြပါတယ်။
ရုပ်ရှင်လောကမှာ “ညွှန့်ဝင်း” လို့ နာမည် ကျော်ကြားစေခဲ့တဲ့ ဇာတ်ကားကတော့ ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးတဲ့ “ဗန်တိုလူလေးနှင့် သူဇာ” ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ညွှန့်ဝင်းက လူကောင်း၊ လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့ပြီး၊ သူ့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုများကြောင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပထမဆုံး ရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။
ညွှန့်ဝင်းရဲ့ အနုပညာသက်တမ်းတလျှောက် အများဆုံး တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ၂ လက်ကတော့ အကယ်ဒမီ ဝါဝါဝင်းရွှေနဲ့ အကယ်ဒမီ ခင်သန်းနုတို့ ဖြစ်ပါတယ်။ ညွှန့်ဝင်းရဲ့ ဇာတ်ကားများစွာကို ကြီးကြပ် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ အေဝမ်းမောင်လှမျိုး ဖြစ်ပါတယ်။
မင်းသားကြီး ညွှန့်ဝင်းဟာ ၁၉၆၈ ခုနှစ်မှာ “ဗန်တိုလူလေးနှင့် သူဇာ”၊ ၁၉၇၁ ခုနှစ်မှာ “ချစ်သူဝိုင်းဝိုင်းလည်”၊ ၁၉၈၃ ခုနှစ်မှာ “တတိယအရွယ်၏ ဒုတိယဝေဒနာ”၊ ၁၉၉၃ ခုနှစ်မှာ “သီတာခုနှစ်တန်”၊ ၁၉၉၇ ခုနှစ်မှာ “သူ့ကျွန်မခံပြီ”၊ ၂၀၀၂ ခုနှစ်မှာ “ဆန်ရေ” နဲ့ ၂၀၀၄ ခုနှစ်မှာ “လျှို့ဝှက်သောနှင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားများဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၇ ကြိမ် ရရှိထားသူ ဖြစ်သည်။
အကယ်ဒမီများရှင် မင်းသားကြီး ညွှန့်ဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။
ကိုးကား – wikipedia
You may also like these stories:
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ