ဝါရင့်သရုပ်ဆောင် မင်းသားကြီး ညွှန့်ဝင်းဟာ ယနေ့၊ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ညွှန့်ဝင်းရဲ့ အနုပညာသက်တမ်းတလျှောက် အများဆုံး တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ၂ လက်ဟာ အကယ်ဒမီ ဝါဝါဝင်းရွှေနဲ့ အကယ်ဒမီ ခင်သန်းနုတို့ ဖြစ်ပါတယ်။
အစ်ကိုရင်း တယောက်လို ချစ်ခင်ရတဲ့ မင်းသားကြီး ညွှန့်ဝင်း ကွယ်လွန်သွားတဲ့အပေါ် မင်းသမီးကြီး ဝါဝါဝင်းရွှေက အခုလိုပဲ ဝမ်းနည်းစကား ဆိုထားပါတယ်။

“အစ်ကို အရင်းနဲ့မခြား ချစ်ရတဲ့ အစ်ကိုရေ။ သူ့အချစ်ဆုံး သူငယ်ချင်းကြီး ကိုသန်းထွဋ် (ဝါဝါဝင်းရွှေ၏ ခင်ပွန်း) ဆုံးတာ ကြားကြားချင်း အပြေးအလွှား ရောက်လာရှာတယ်လေ။ အခုတော့ အစ်ကိုချစ်တဲ့ ဖိုးထွဋ်ကြီး နောက်ကို လိုက်သွားပြီလား အစ်ကိုရယ်”လို့ ဝါဝါဝင်းရွှေက စိတ်မကောင်းစွာ ဆိုပါတယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာ ကြယ်ပွင့်ကြီး ကြွေလွင့်သွားတာကြောင့် နှမြောတသ လွမ်းဆွတ်နေမှာပါလို့ ဝါဝါဝင်းရွှေက ဆိုပါတယ်။

“ပြောင်မြောက်လွန်းလှတဲ့ အနုပညာရှင်ကြီး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာ ကြယ်ပွင့်ကြီး အခုတော့ ကြွေလွင့်သွားရှာပြီပေါ့။ ရင်နဲ့အမျှ နှမြောတသ လွမ်းဆွတ်နေတော့မှာပါ။ အစ်ကို ကောင်းရာဘုံဘဝ ရောက်ပါစေ”လို့ မင်းသမီးကြီး ဝါဝါဝင်းရွှေက ပြောပါတယ်။
မင်းသား ညွှန့်ဝင်းနဲ့ မင်းသမီး ဝါဝါဝင်းရွှေဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ အတူ တွဲဖက် သရုပ်ဆောင်ခဲ့ပြီး၊ ဝါဝါဝင်းရွှေ ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ပူစူးမ” ဇာတ်ကားက နာမည်ကြီးပါတယ်။

၁၉၇၁ ခုနှစ်မှာ အကယ်ဒမီ ဝါဝါဝင်းရွှေ ဒါရိုက်တာ အနေနဲ့ ရိုက်ကူးတဲ့ “ချစ်သူဝိုင်းဝိုင်းလည်” ဆိုတဲ့ ရုပ်ရှင်ကားကြီးဖြင့် မင်းသား ညွှန့်ဝင်းက ဒုတိယမြောက် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် ညွှန့်ဝင်း၊ လူမင်း၊ ဝါဇင်၊ ဝါဝါဝင်းရွှေ၊ ထက်ထက်မိုးဦးနဲ့ စိုးမြတ်နန္ဒာတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “ညွှန်းစာဖွဲ့လို့မမီ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကလည်း နာမည်ကြီးပါတယ်။
မင်းသားကြီး ညွှန့်ဝင်းဟာ ၁၉၆၈ ခုနှစ်မှာ “ဗန်တိုလူလေးနှင့် သူဇာ”၊ ၁၉၇၁ ခုနှစ်မှာ “ချစ်သူဝိုင်းဝိုင်းလည်”၊ ၁၉၈၃ ခုနှစ်မှာ “တတိယအရွယ်၏ ဒုတိယဝေဒနာ”၊ ၁၉၉၃ ခုနှစ်မှာ “သီတာခုနှစ်တန်”၊ ၁၉၉၇ ခုနှစ်မှာ “သူ့ကျွန်မခံပြီ”၊ ၂၀၀၂ ခုနှစ်မှာ “ဆန်ရေ” နဲ့ ၂၀၀၄ ခုနှစ်မှာ “လျှို့ဝှက်သောနှင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားများဖြင့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ၇ ကြိမ် ရရှိခဲ့ပါတယ်။
အကယ်ဒမီများရှင် မင်းသားကြီး ညွှန့်ဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။
You may also like these stories:
အကယ်ဒမီများရှင် မင်းသားကြီး ညွှန့်ဝင်းရဲ့ ဘဝအကြောင်း
ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ