တေးရေး တေးဆို ညီမင်းခိုင်ကတော့ ရန်ကုန်မြို့ကို ခွဲခွာပြီး သူ့ရဲ့ မွေးရပ် ဇာတိမြေ ရခိုင်ပြည်သို့ ခေတ္တ ပြန်သွားတဲ့အကြောင်း “ရင်ဘတ်ထဲက စာချွန်လွှာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမှုကွန်ရက်မှာ အခုလိုပဲ ရေးသားထားပါတယ်။
“ရန်ကုန်မြို့ကြီးကို အချိန်အတိုင်းအတာ တခုအထိ နှုတ်ဆက် ခွဲခွာရတဲ့ ခံစားချက်က လှလှပပတော့ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ့်အသက် တဝက်လောက်က ဒီပြည်မမှာ လှုပ်ရှားရုန်းကန် ကြိုးစား နေထိုင်ရင်းအချိန်တွေ ကုန်ဆုံးစေခဲ့တာလေ”
“အနုပညာအတွက် ခဲရာခဲဆစ်ဖြစ်နေတဲ့ အခုလို အချိန်ကာလမျိုးနဲ့ ကျန်းမာရေး ချို့တဲ့ခြင်း ကံဇာတာတွေကြားမှာ နောက်ဆုံးတော့ မွေးရပ်မြေ မိသားစုအရိပ်အောက် ခဏတာ ထွက်ခွာ နားခိုရတော့မည်မှာ မလွဲဧကန်ပဲပေါ့”လို့ ညီမင်းခိုင်က ဆိုပါတယ်။
ဆက်လက်ပြီး ညီမင်းခိုင်က သူချစ်ခင်ရတဲ့ ဂီတ ညီအစ်ကိုတွေနဲ့ ပရိသတ်တွေကိုလည်း တလေးတစား နှုတ်ဆက်ထားပါတယ်။
“ချစ်ခင်လေးစားရတဲ့ သူငယ်ချင်း မိတ်ဆွေ၊ ဂီတညီအစ်ကို မောင်နှမများနှင့် ဂီတချစ် ပရိတ်သတ်များ အားလုံးကို တလေးတစား နှုတ်ဆက် လွမ်းဆွတ်ရင်း စိတ်မကောင်းခြင်းများစွာနဲ့ ညီမင်းခိုင် (ခေတ္တအမေ့ရိပ်)။ ဂီတနှင့် ပြည်မကို ခေတ္တခွဲခွာ နှုတ်ဆက်ရင်း”လို့ ညီမင်းခိုင်က ပြောထားပါတယ်။
“နွယ်နီ” သီချင်းနဲ့ လူသိများတဲ့ အဆိုတော် ညီမင်းခိုင်ဟာ “လက်ခံမလား”၊ “အနောက်ဖက်က ထွက်တဲ့နေ” စတဲ့ တကိုယ်တော် Album များနဲ့ မင်းသွေး၊ သားငယ်တို့နဲ့အတူ “ပထမသုံး”ဆိုတဲ့ တေးစီးရီး ထွက်ရှိထားပါတယ်။
ဒါ့အပြင် အဆိုတော် ညီမင်းခိုင်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီ အမှုဆောင်အဖွဲ့ကနေ တရားဝင် နုတ်ထွက်ထားပါတယ်။
You may also like these stories:
အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ
ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော
မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ