MRTV-4 မှ ဇာတ်လမ်းတွဲ သရုပ်ဆောင် နက္ခတ်က သူ့ရဲ့ဇနီး ကလျာမိုးနဲ့ နှစ်ဦးသဘောတူ မင်္ဂလာ လက်မှတ် ရေးထိုးထားတဲ့ ပုံတွေ လူမှုကွန်ရက်မှာ မျှဝေခဲ့ပြီး၊ သူတို့နှစ်ဦးဟာ လက်ထပ်ထားတာ ကြာပြီဖြစ်ပေမယ့် သူတို့ရဲ့ ရင်သွေးလေးအတွက် အခုလို တင်ရခြင်းဖြစ်တယ်လို့ ပရိသတ်ကို အသိပေးထားပါတယ်။
“ကျနော်နဲ့ ကျနော့် ဇနီးလေးရဲ့ချစ်သက်တမ်း ၄ နှစ် ကျော် လက်တွဲခဲ့ပြီး အကြာမှာ ပရိသတ်ကို အခုလို အသိပေးတာပါဗျာ။ ဒီလိုအချိန် ကာလမှာ ပုံတွေ တင်ရတဲ့အတွက်လည်း အားလုံးကို အားနာပါတယ်။ မကြာခင်မှာ မွေးဖွားလာတော့မယ့် ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေးလေးအတွက် ဒီပုံလေးတွေကို တင်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ”
“ကျနော်တို့နှစ်ယောက်ရဲ့ အကြောင်းလေးကို နည်းနည်း ပြောပြမယ်နော်။ လွန်ခဲ့တဲ့ ၄ နှစ်က ကျနော်နဲ့ ကျနော့် ချစ်သူလေး အကြောင်းပေါ့။ ကျနော် သူမနဲ့ ချစ်သူဖြစ်ပြီး သိပ်မကြာခင်မှာ သူမကို စက္ကန့် ပိုင်းလေးတောင် မခွဲနိုင်ဘူးဆိုတဲ့ အချစ်တခုနဲ့ သူမရဲ့ မိဘတွေဆီမှာ လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာဆွမ်းကျွေး လက်မှတ် ရေးထိုးခဲ့ပါတယ်”လို့ နက္ခတ်က ပြောပါတယ်။

ဇနီးဖြစ်သူနဲ့ သူ့ရဲ့ မိဘတွေက အနုပညာ အလုပ်ကို နားလည်ပေးထားပြီး၊ အနုပညာလောကမှာ နေရာ တနေရာ ရပြီးမှ မင်္ဂလာဧည့်ခံပွဲ လုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျနော့်ရဲ့ ဇနီးလေးနဲ့သူမရဲ့ မိဘတွေဟာ ကျနော့်ရဲ့အနုပညာအလုပ်ကို နားလည်ပေးပြီး ကျနော် အနုပညာလောကမှာ နေရာလေး တနေရာ ရပြီး ကိုယ်ဖြစ်ချင်တဲ့ အနေအထားရောက်မှ မင်္ဂလာ ဧည့်ခံပွဲ လုပ်ဖို့ သဘောတူ ပေးခဲ့ကြပါတယ်”
“သူမနဲ့ ကျနော် တယောက်နဲ့ တယောက် နားလည်ပြီး သစ္စာရှိရှိနဲ့ နေဖို့က အဓိကပဲ ဆိုပြီး ကျနော့် အလုပ်တွေကို ပိုကြိုးစားဖြစ်ခဲ့ပါတယ်။ သူမ ကျနော့်အပေါ် မှာ နားလည်ပေးမှု၊ အနစ်နာခံပေးမှုတွေ ကတော့ ပြောပြလို့တောင် ကုန်မှာ မဟုတ်ပါဘူး”လို့ နက္ခတ်က ဆိုပါတယ်။
“သူမကြောင့် ကျနော့်အလုပ် ထိခိုက်မှာစိုးလို့ သူများတွေကို ဇနီးလို့ မပြောခိုင်းဘဲ ချစ်သူလို့ပဲ သူမက ပြောခိုင်းခဲ့တယ်။ ကျနော်တို့ နှစ်ယောက်ရဲ့မင်္ဂလာပွဲ လုပ်ဖို့ထက် ကျနော့်ရဲ့ အနုပညာ အလုပ်တွေ အောင်မြင်ဖို့အတွက်ပဲ အမြဲ တွေးပေးနေတဲ့ သူမ၊ ကျနော် ဇာတ်လမ်းတွဲလေးတွေ ခပ်စိပ်စိပ် ရိုက်လာရပြီး ပရိသတ်ရဲ့ အသိအမှတ်ပြုလေး ရလာတဲ့အပေါ်မှာ သူမက အမြဲ ပြုံးပျော်နေတတ်တယ်”

“သူမက ကျနော့်ကို အမြဲပြောတယ်။ “ကျနော့်ကို ဒီ့ထက် ပိုပြီး ကောင်းမွန်တဲ့ အနုပညာ ဖန်တီးမှုတွေ ထပ်လုပ်ပြီးမှ မင်္ဂလာပွဲ စီစဉ်ကြမယ်တဲ့။ အခုမှ နာမည်လေး နည်းနည်း ရခါစ မိန်းမ ယူလိုက်ရင် အလုပ်အတွက် အနှောင့်အယှက်ဖြစ်မှာ စိုးတယ် ဆိုပြီး ပြောလာတော့ “ကျနော်လည်း လက်ခံလိုက်ပြီး ဆက်ပြီး ကြိုးစားတာပေါ့”လို့ နက္ခတ်က ပြောပြပါတယ်။
၂၀၂၀၊ ဖေဖော်ဝါရီမှာ မင်္ဂလာပွဲ လုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ် ပထမလှိုင်းကြောင်း မလုပ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
“အိပ်မက်နဲ့ လက်တွေ့ ဆိုတာ တခါတလေ ထပ်တူ ကျချင်မှ ကျတတ်တာမျိုးဗျ။ ဒီလိုနဲ့ ၂၀၁၉ မှာ “ကျွန်တော် အမုန်းဆုံး ကျွန်တော်” ဇာတ်လမ်းတွဲလေး ရိုက်ခွင့်ရတော့ ဒီဇာတ်လမ်းတွဲလေး ရိုက်ပြီးရင် မင်္ဂလာပွဲ ကျင်းပမယ် ဆိုပြီး သဘောတူခဲ့ကြတယ်”
“၂၀၂၀ ဖေဖော်ဝါရီလမှာ “ကျွန်တော် အမုန်းဆုံး ကျွန်တော်” ဇာတ်လမ်းတွဲလေး တီဗီက ပြပြီးတော့ ၅ လပိုင်းမှာ မင်္ဂလာပွဲ လုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုဗစ် ပထမလှိုင်းကြောင့် ဘာပွဲမှ လုပ်ခွင့် မရှိသလို အနုပညာ အလုပ်တွေလည်း လုံးဝ ရပ်သွားတယ်”
“ကျနော် သေချာသိလိုက်ရတာ တခုက ကျနော်ဟာ သရုပ်ဆောင်အလုပ်က လွဲပြီး ကျန်တာတွေနဲ့ မလိုက်ဖက်ဘူးဆိုတာပဲ။ ဒီလိုနဲ့ပဲ ကိုဗစ်တွေကြောင့် လူ ၃၀ လောက်နဲ့ မင်္ဂလာပွဲ ကျင်းပလို့ရတယ်ဆိုတော့ ၂၀၂၁ ဖေဖော်ဝါရီလထဲမှာ သူမ မွေးနေ့ ရှိတော့ အဲ့လထဲက တရက်ရက်မှာ ပွဲစီစဉ်ကြမယ်ဆိုပြီး စိတ်ကူးခဲ့တဲ့ စိတ်ကူးကလည်း အကြောင်းကြောင့် ဖြစ်မလာခဲ့ရပြန်ပါဘူး”လို့ နက္ခတ်က ပြောပါတယ်။

၂၀၂၁ မှာတော့ နက္ခတ်က ဖခင်ကို ဆုံးရှုံးခဲ့ရပြီး၊ ဒီအချိန်မှာ သူ့ရဲ့ မိခင်၊ သူ့ရဲ့ဇနီးနဲ့ အစ်မ၊ ညီမတို့အတွက် မားမားမတ်မတ် ရည်တည်နိုင်တဲ့သူဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“၂၀၂၁ မှာ ကျနော့် ဘဝအတွက် အဆိုးဆုံးအရာကတော့ မတ်လလောက်မှာ ကျနော့် အဖေ ဆေးရုံ တင်ရပြီး ရက်အနည်းငယ်အကြာမှာ ကင်ဆာ နောက်ဆုံးအဆင့်နဲ့ ကျနော်တို့ကို ဘယ်နေ့ ခွဲသွားတော့မလဲဆိုတဲ့ အဖြစ်ဆိုးကြီး တခုပါပဲ။ ကျနော်က အဲ့အချိန်မှာ ကိစ္စတခုနဲ့ နယ်ဘက်ကို ရောက်နေတော့ ၄ လပိုင်း ကုန်ခါနီးလောက်မှ အဖေ့ကို ဆေးရုံမှာ သေချာ ပြုစု စောင့်ရှောက်ခွင့်ရခဲ့တယ်။ ၅ လပိုင်း၊ ၁၃ ရက်နေ့မှာတော့ ကျနော့်ရဲ့အဖေကို ဆုံးရှုံးခဲ့ရတယ်”
“အဓိက ပြောချင်တာကတော့ ကျနော့်မှာ အများ မျက်စိဆံပင်မွေး စူးလောက်တဲ့အထိ ကြီးကျယ် မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေလည်း မရှိပါဘူး။ ကြိုးစားနေတဲ့ လူတွေထဲက လူ တယောက်ပါပဲ။ ကျနော့် ပုံတွေအောက်မှ ဆဲဆိုနေတဲ့သူတွေကိုလည်း အမြဲမေတ္တာပို့ပေးပါတယ် ခင်ဗျာ”
“ဒီအချိန်မှာ အားလုံးအတွက် သူရဲကောင်း မဖြစ်ချင်နေပါ။ ကျနော့်ရဲ့ ကိုယ်ပိုင်ဘဝလေးမှာ ကျန်နေသေးတဲ့ အမေရယ်၊ ကျနော့်ဇနီးနဲ့ ကျနော့် အစ်မနဲ့ ညီမအတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့အတွက် ကျနော် ကြိုးစားနေဆဲပါ။ အခု ဒီပုံလေးတွေဟာ သူမဟာ ကျနော့်ရဲ့ ချစ်သူ မဟုတ်ဘဲ သူမဟာ ကျနော့်ရဲ့ဇနီး ဖြစ်ကြောင်း အသိပေးတဲ့ ပုံလေးတွေပါ။ မင်္ဂလာ ဧည့်ခံပွဲကျင်းပမယ့် အချိန်ကျရင်လည်း အားလုံးကို ထပ်မံ အသိပေးပါမယ် ခင်ဗျာ”လို့ နက္ခတ်က ပြောထားပါတယ်။
သရုပ်ဆောင် နက္ခတ်ဟာ MRTV-4 မှာ ပြသခဲ့တဲ့ “ထာဝရ မန္တလေး” ဆိုတဲ့ ဇာတ်လမ်းတွဲကနေ “ကျွန်တော် အမုန်းဆုံး ကျွန်တော်” ဆိုတဲ့ ဇာတ်လမ်းတွဲအထိ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။