တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံအတွက် လှူဒါန်းပေးမယ့် Project တွေမှာ ပါဝင် လှုံ့ဆော်မယ်လို့ ပြောထားပြီး၊ ပြီးခဲ့တဲ့ ရက်က Green Tea Drink ကြော်ငြာ လက်ခံ ရိုက်ကူးပေးခဲ့ပါတယ်။
“အားလုံး မတွေ့ရတာ ကြာပြီနော်။ ဒီရက်ပိုင်းတွင်း တက္ကသိုလ်ကျောင်း တဖက်နဲ့မို့ အလုပ်များနေလို့ Active မဖြစ်တာပါရှင့်။ ကျန်းမာရေးလည်း မကောင်းလို့၊ နေမကောင်းဖြစ်နေလို့ ဆန္ဒပြပွဲကို မသွားနိုင်ခဲ့ဘူး။ ဒီနေ့ကတော့ ကိုရီးယားမှာ ၅ လအကြာ ပထမဆုံး အလုပ်ပြန်လုပ်တာပါ”
“ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ကတည်းက အလုပ်တွေ နားထားတာ အခုက ကျမ အနေနဲ့ Donation ကို ဘယ်လို လှူရမလဲဆိုတာနဲ့ ဒီမှာ Commercial ရိုက်ကူးနေတာပါ။ ဒီကြော်ငြာကို အွန်လိုင်းမှာ တင်မှာပါ။ Green Tea ရဲ့ ရောင်းချမှု ၃၀ ရာခိုင်နှုန်း ရောင်းရငွေကို မြန်မာနိုင်ငံအတွက် လှူဒါန်းမှာ ဖြစ်ပါတယ်”လို့ ဟန်နာယူရီက ပြောပါတယ်။
အဆိုပါ ကြော်ငြာအတွက် အနုပညာကြေး မယူဘဲ ရိုက်ကူးပေးတာဖြစ်ပြီး၊ ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံအတွက် လှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။
“ဒီကြော်ငြာအတွက် ကျမ အနေနဲ့ အနုပညာကြေး အခကြေးငွေ မယူဘဲ လက်ခံ ရိုက်ကူးတာ ဖြစ်ပါတယ်။ ကုမ္ပဏီက ရောင်းချငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကျမ နာမည်၊ ကျမရဲ့ Fandom အမည် SUNSHINES နာမည်နဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို လှူဒါန်းပေးသွားမှာပါ။ ဒီအလှူလေး ဖြစ်မြောက်အောင် ကူညီပေးပါဦးရှင့်”လို့ ဟန်နာယူရီက ပြောထားပါတယ်။
Makeup Artist နဲ့ Freelance Model ဟန်နာယူရီဟာ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံ အကြောင်း Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် အလှူ Project တွေမှာ ပါဝင် လှုံ့ဆော်သွားမယ်လို့ ဆိုပါတယ်။