မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းက တတိယလှိုင်း ၁ လအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိနေပြီး၊ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ တရက်တည်း ကူးစက်လူနာ ၂,၃၀၀ ကျော် တွေ့ရှိထားပါတယ်။
ကိုဗစ် တတိယလှိုင်းဟာ ကမ္ဘာ့နိုင်ငံအချို့မှာလည်း ကူးစက်မှု မြင့်တက်နေပြီး၊ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့နဲ့ မတူတဲ့ ရောဂါ လက္ခဏာများကြောင့် COVID-19 ရောဂါကို အထူး ဂရုစိုက် ကာကွယ်နေကြရပါတယ်။
ယခုအခါ Mask ၂ ထပ် တပ်ဖို့ ကျန်းမာရေး ပညာရှင်များ၊ ဆရာဝန်များက တိုက်တွန်းထားကြပြီး၊ မြန်မာနိုင်ငံက အနုပညာရှင်များကလည်း ပြည်သူများကို ဂရုစိုက်ကြဖို့ အခုလိုပဲ လူမှုကွန်ရက်ကနေ တိုက်တွန်း ရေးသားထားကြပါတယ်။
အဆိုတော် Rဇာနည်
“ချစ်ရတဲ့သူများ အားလုံးကို သတိရခြင်းများစွာနဲ့ပဲ သတိပေးလိုက်ပါတယ်။ နေသတိ၊ စားသတိ၊ သွားသတိ၊ လာသတိနဲ့ နေကြဖို့ပါ။ အားလုံးသိတဲ့အတိုင်းပဲ တိုင်းပြည်က ကပ်စိုက်နေတာ ဆိုတော့ အားလုံးကို စိတ်ပူတယ်ဗျာ”
“ဘယ်သွားသွား Mask တပ်ကြပါ။ လက်ကို မကြာခဏ ဆေးကြပါ။ တကိုယ်ရေ သန့်ရှင်းမှုက အရေးကြီးသလို ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။ အားလုံးပဲ ကိုယ်ကျန်းမာပြီး စိတ်လည်း ချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ”
အလှမယ် နန်းခင်ဇေယျာ
“COVID-19 က နန်းခင်တို့ရဲ့ အနီးဆုံးမှာ တကျော့ပြန် ပြန်ရောက်လာတာဖြစ်လို့ အားလုံး အထူးဂရုစိုက်ကြပါနော်။ မိမိကိုယ်တိုင် ဂရုစိုက်ရမယ့်ကာလ ဖြစ်တာကြောင့် သတိမလျော့ မပေါ့ဆဘဲ လက်ဆေးကြပါ။ Mask တပ်ပါ။ ကျန်းမာအောင် နေပါ။ အာဟာရ ပြည့်ဝစွာ စားပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ”
အဆိုတော် စန္ဒီမြင့်လွင်
“အားလုံးပဲ ကျန်းမာရေးအထူး ဂရုစိုက်ကြပါနော်။ ကိုဗစ် ရန်မှ ကင်းဝေးကြပါစေ။ COVID-19 ကို မမေ့ပါနဲ့နော်။ အပြင်သွားရင် Mask ၂ ထပ် တပ်ပါနော်။ လက်ကို သေချာ ဆေးပေးပါရှင့်။ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ကြပါစေ။ မိသားစုတွေ ကျန်းမာ ပျော်ရွှင်သော ဘဝကို ရကြပါစေ”
အဆိုတော် ထွန်းနောင်ဆင့်
“ထပ်အဆုံးရှုံး မခံနိုင်တော့လို့ ခဏလောက်တော့ အနေဝေးကြရအောင် ခပ်ခွာခွာလေးပေါ့။ ကိုဗစ်တွေ အရမ်းဆိုးနေတယ်။ Mask ၂ ထပ် တပ်သလို၊ သတိလည်း နှစ်ဆ ရှိကြပါနော်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် Mask တပ်၊ လက်ဆေးကြမယ်နော်”
“ဒီအချိန်မှာ တခုခုဖြစ်ရင် လုံးဝအဆင်မပြေတာ အားလုံးသိမှာပါ။ သူများကြောင့် ကိုယ်ကူးစက်မခံချင်သလို ကိုယ့်ကြောင့်လည်း သူများတွေ မကူးစက်စေပါနဲ့နော်။ အားလုံးကို ဘုရားရှင် ကွယ်ကာပါစေ”
သရုပ်ဆောင် စိုပြေမြင့်
“ကိုဗစ်ဖြစ်ပြီလို့ ခံစားရတာနဲ့ အရင်ဆုံးစိတ်ကို တတ်နိုင်သရွေ့ ငါဒီရောဂါဆိုးကို ပြန်ခုခံနိုင်တယ်ဆိုတဲ့ စိတ်ကို အရင်မွေးပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အနံ့ အရသာ ပျောက်သွားလည်း အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာကို ပုံမှန် စားသောက်ပါ။ စောစောအိပ်ပါ။ သောက်သင့်တဲ့ ဆေးတွေကို ပုံမှန်သောက်ပါ။ အားမငယ်ပါနဲ့”
“အရေးကြီးဆုံးက Mask တပ်ပါ။ လက်ကို ခဏခဏဆေးပါ။ ပိုးသတ်ဆေးကို မိမိနှင့်အတူ ကိုင်ဆောင်ထားပါ။ ဒီရောဂါဆိုးကြီး အမြန်ဆုံး ထွက်သွားပါစေ။ အားလုံးဘေးကင်းပါစေ”
အဆိုတော် ထက်ဘုန်းနိုင် (Project-K)
“အားလုံးပဲ လုံးဝ မပေါ့ကြပါနဲ့နော်။ ကိုယ်တွေနိုင်ငံရဲ့ ကိုဗစ်စင်တာ အခြေအနေတွေလည်း အားလုံးမြင်ပြီးလောက်ပြီဆိုတော့ အရင်ကထက် အဆပေါင်းများစွာ ပိုဂရုစိုက်ပေးကြပါနော်။ နိုင်ငံတကာမှာ Mask ကို ၂ ထပ်တပ်ဖို့ အကြံပြုထားကြပါပြီ။တပ်လည်း တပ်နေကြပါပြီ”
You may also like these stories:
ကိုဗစ် တတိယလှိုင်းကို မပေါ့ဆကြဖို့ စိုပြေမြင့် နှိုးဆော်
“ကိုဗစ်က ကူးဖို့ လွယ်သလို သေဆုံးသည်အထိ ဖြစ်နိုင်တာမျိုးပါ”
“ကိုဗစ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ”