ပရိသတ်တွေအတွက် “Raymond” အမှတ်တရ တီရှပ် ထုတ်လုပ်ဖို့ စီစဉ်နေ
အဆိုတော် ရေမွန် (Idiots) ရဲ့ အမာခံ ပရိသတ်တွေအတွက် “Raymond” အမှတ်တရ တီရှပ် ထုတ်လုပ်သွားဖို့ ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်တွေ အတွင်းက ရေမွန် ကွယ်လွန်ပြီးနောက် Idiots Band ပုံ အင်္ကျီတွေ အွန်လိုင်းမှာ ရောင်းချမှုများ ရှိခဲ့တာကြောင့် ရေမွန်ရဲ့ ညီမ လပြည့်ကဗျာက စီးပွားရေးဆန်ဆန် ထုတ်မရောင်းဖို့နဲ့ အမှတ်တရ ထုတ်ပေးဖို့ အစီအစဉ် ရှိကြောင်း ပြောခဲ့ပါတယ်။

“Idiots Band ပုံ အင်္ကျီတွေ ထုတ်ပြီး စီးပွားရေးဆန်ဆန် ရောင်းစားနေတာတွေ အကုန်ပြန်ဖျက်ပေးပါ။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် မယူဘဲ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူးနော်။ ဆုံးသွားတဲ့သူကိုလည်း အားနာပါဦး။ Ethic (လူ့ကျင့်ဝတ်) ရှိပါ။ ရောင်းတော့ မစားပါနဲ့။ အမှတ်တရ ဝတ်ချင်လို့ဆိုလည်း ထုတ်ပေးပါ့မယ်။ အစီအစဉ်လည်း ရှိပါတယ်”လို့ လပြည့်ကဗျာက ပြောပါတယ်။
ယခုအခါ Idiots Fan တွေအတွက် Lifestyle Fashion Brand တခုဖြစ်တဲ့ “Madnest” နဲ့ ပူးပါင်းကာ “Raymond” အမှတ်တရ Tshirt ထုတ်သွားမယ်လို့ သိရပါတယ်။
“iDIOTS fans တွေအတွက် ရေမွန် အမှတ်တရ Tshirt လေးကို ကျနော်တို့ iDIOTS Band မှ တောင်းဆိုမှုအရ Madnest နှင့် ပူးပေါင်းပြီး ထုတ်သွားဖို့ စီစဉ်နေတဲ့အကြောင်း သတင်းပါးပါရစေ။ မကြာမီ အချိန်အတွင်း ဝယ်ယူလို့ရမယ့် အချက်အလက်များကို ဆက်လက် တင်ပေးသွားပါမယ်ခင်ဗျာ”လို့ Idiots Band က အသိပေးထားပါတယ်။

“ကျနော်တို့ချစ်တဲ့ ရေမွန်အတွက် အမှတ်တရလေးတခု လုပ်အားပေးနိုင်တာကိုပဲ ဝမ်းသာလှပါပြီ။ Idiots ကိုလည်း ကျနော်တို့ဘက်ကနေ စွမ်းနိုင်သမျှ ကူညီ အားဖြည့်ချင်တာ အမှန်ပါ။ ဒီ Collection လေးက ရရှိလာမယ့် အမြတ်အစွန်းတွေဟာလည်း Idiots ရှေ့ဆက်လှမ်းရမယ့် ခရီးစဉ်အတွက်ပဲ ဖြစ်မှာပါ။ ထွက်လာရင် အားပေးကြပါ”လို့ “Madnest” Fashion Brand က ပြောထားပါတယ်။
အဆိုတော် ရေမွန်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ သူ့ရဲ့ “ချန်ခဲ့” ၊ “ဝမ်းနည်းတတ်တဲ့ ချစ်သူ”၊ “သေလို့ရတယ်”၊ “ဆုလာဘ်” ၊ “တွေ့ရတာ ဝမ်းသာတယ်” စတဲ့ သီချင်းများက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။
You may also like these stories:
အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ
ရေမွန်နဲ့ ပတ်သက်ရင် ကောင်းတဲ့အရာတွေပဲ ရှိစေချင်တဲ့ နိုဗန်ထူး