မြန်မာနိုင်ငံတဝှမ်း COVID-19 တတိယလှိုင်းကို ရင်ဆိုင်နေကြရပြီး၊ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အဆိုတော် ဆောင်းဦးလှိုင်က အခုလို တိုင်းပြည် ဒုက္ခပင်လယ် ဝေရတာဟာ အဂတိနဲ့ တည်ဆောက်ထားတဲ့ ခရိုနီ စီးပွားရေး စနစ်ကြောင့်လို့ ဆိုပါတယ်။
“စစ်မိစ္ဆာတွေ အာဏာရူးလို့ ဒုက္ခရောက်၊ ကိုဗစ် နှိပ်စက်လို့ ဒုက္ခရောက်။ အရင်ကလည်း မကောင်း၊ ဘယ်တုန်းကမှလည်း မကောင်းခဲ့တဲ့ စီးပွားရေးကြောင့် စားဝတ်နေရေး ဒုက္ခရောက်။ မတော်မတရား မျှတမှု မရှိ၊ အဂတိနဲ့ တည်ဆောက်ထားတဲ့ ခရိုနီ စီးပွားရေး စနစ်ကြောင့် ပြည်သူအများ ဒုက္ခပင်လယ် ဝေရပါတယ်”
“တိုင်းပြည်ဟာ ရေတိမ်နစ်ရတယ်။ စစ်မိစ္ဆာတွေနဲ့ မတော်မတရား လုပ်ကြတဲ့ လူတွေကြောင့်လို့ ပြောရင် လုံးဝ မမှားပါဘူး။ ကျနော်တို့ ဘာလုပ်ကြမလဲ”လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။
ဒီအချိန်မှာ တတ်နိုင်သမျှ ကိုယ်စီကိုယ်ငှ လုပ်ကြရမယ့် အရာတွေ စလုပ်ဖို့လည်း ဆောင်းဦးလှိုင်က အခုလို တိုက်တွန်းထားပါတယ်။
“မိမိကိုယ်တိုင် ကောင်းအောင် ကြိုးစား၊ တော်အောင် တတ်အောင်၊ လက်ကြောတင်းအောင်၊ သတ္တိရှိအောင်၊ ပေးဆပ်ရဲအောင်၊ အနစ်နာခံနိုင်စွမ်း ရှိအောင်၊ အမှန်တရားဘက်ကရပ်၊ အမှားတွေကို ကျောခိုင်း၊ အချောင်မခိုနဲ့ စသဖြင့် လုပ်စရာတွေ အများကြီး ရှိပါတယ်။ ကိုယ်စီကိုယ်ငှ လုပ်ကြရမှာပါ။ အခုချက်ချင်း စလုပ်ကြပါ”
“ရလဒ်ကောင်းတွေက ချက်ချင်းရမှာလား။ မရပါဘူး။ တိုင်းပြည် အနာဂတ် ကောင်းဖို့ပါ။ နောင်မျိုးဆက်တွေ ဒုက္ခပင်လယ် မဝေရအောင် လုပ်မပေးနိုင်ဘူးလား၊ မလုပ်ချင်ဘူးလား။ ဒုက္ခပင်လယ် ဝေရုံသာမက အာကာသတခုလုံး ဒုက္ခတွေနဲ့ ဖုံးနေဦးမှာပါ”လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။
You may also like these stories:
“ဇိမ်ခံမနေရက်တာကြောင့် လူမှုရေး၊ နိုင်ငံရေးလောကထဲ ရောက်ခဲ့တယ်”
ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်
“တိုင်းပြည် ဒုက္ခပင်လယ် ဝေတာ အရင်ကတည်းက”လို့ ဆောင်းဦးလှိုင် ပြော