ထိုင်း-မြန်မာ နယ်စပ် တနေရာကို Gen Z အဖွဲ့နဲ့အတူ ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဝေယံအောင်က လူမှုကွန်ရက်မှာ Social Punishment (လူမှုရေး ပြစ်ဒဏ်ခတ်ခြင်း) ပြုလုပ်နေကြသူ အချို့နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောလာပါတယ်။
“အချို့လူတွေ Social Punishment (Boycott) လုပ်တာနဲ့ မတူဘူး။ အရင်ကတည်းက မနာလိုပြီး ကြည့်မရဖြစ်နေတဲ့ အငုံ့စိတ်ကြောင့် အခုလိုအချိန် အခွင့်သာတုန်းမှာ နှိပ်ကွပ်လိုက်မယ်ဟ ဆိုပြီး Personal Attack (PA) လိုက်လုပ်နေကြတာနဲ့ တူနေတယ်”
“တကယ်တော်လှန်ရေး လုပ်နေတဲ့သူတွေက လူတွေကို Personal Attack လုပ်လိုက်ဖို့ အားမနေကြပါဘူး။ ဒီလိုအချိန်မှာ လိုအပ်တဲ့သူတွေအတွက် အာရုံထားပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာပါ။ အဓိကနဲ့ သာမည ခွဲခြားနိုင်ပါစေ။ ပစ်မှတ်လွဲပြီး ဘုံရန်သူ မပျောက်ပါစေနဲ့”လို့ ကိုဝေယံအောင်က ပြောပါတယ်။
Personal Attack (ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု) လုပ်ချင်တာကို Social Punishment ဆိုပြီး တံဆိပ်ကပ်ချင်တဲ့ အကျင့်ဆိုးတွေ ဖျောက်ကြပါလို့ သူက ဆိုပါတယ်။

“အရင်ကတည်းက မနာလိုခဲ့တာနဲ့ပဲ PA လုပ်ချင်နေတာကို Social Punishment ဆိုပြီး တံဆိပ်ကပ်ချင်ကြတဲ့ အကျင့်ဆိုးတွေကို ဖျောက်ကြပါ။ အခုတောင် ကံကြမ္မာဆိုးကြောင့် အာဏာသိမ်းခံထားရတာ။ စိတ်ဓာတ်လေးတွေ ပြုပြင်မှရမယ်။ စိတ်ထားကောင်းမှ ကံကောင်းမယ်။ ဒီလိုပြောလို့ မကြိုက်လည်း မတတ်နိုင်ဘူးဗျာ”လို့ ကိုဝေယံအောင်က ပြောပါတယ်။
ဆက်လက်ပြီး ကိုဝေယံအောင်က ပြည်သူတွေ COVID-19 ကာကွယ်ရန် Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေဖို့ တိုက်တွန်းထားပါတယ်။

“တိုက်ပွဲမှာ ရန်သူက သေစေချင်နေရင် ကိုယ်က ရှင်သန်အောင် နေထိုင်နိုင်တာလည်း တော်လှန်နေတာပဲ။ ကျနော်ကတော့ ဘယ်နေရာရောက်ရောက် အောက်တန်းစားတွေ မနာလိုဖြစ်နေရအောင်ပါ နေထိုင်နိုင်တယ်။ ပြည်သူတွေအတွက် မှာချင်တာက လက်ဆေးပါ။ Mask တပ်ပါ။ ခပ်ခွာခွာနေပါ”
“ကျန်းမာရေး ဂရုစိုက်ပါ။ အချင်းချင်း မျှဝေရိုင်းပင်းပါ။ စကစရော၊ ကိုဗစ်ရော အရေးတော်ပုံ နှစ်ခါ အောင်ရမယ်။ နိုင်ငံသားတယောက်အနေနဲ့ တော်လှန်ရေးမှာ တာဝန်ကျေအောင် တတ်နိုင်တဲ့ဘက်က ပါဝင်ကြမယ်။ ငါတို့အတွက် ငါတို့ရှိတယ်”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။
You may also like these stories:
“တော်လှန်ရေး မုချ အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်”
“အုပ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကို ကျေနပ်နေမိတယ်”
“အားလုံးက စစ်ကျွန်ပညာရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ”