စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးနယ်မြေမှာ စစ်သင်တန်း တက်နေတဲ့ အလှမယ် ထားထက်ထက်က စခန်းအတွက် လိုအပ်တဲ့ အလှူငွေ ကောက်ခံမှုကို ဒီလကုန် ရပ်နားတော့မယ်လို့ ဆိုပါတယ်။
“စခန်းမှာ ထပ်တိုးလာတဲ့သူတွေ အတွက်ရယ်၊ စခန်းရဲ့ဖွံဖြိုးတိုးတက်လာဖို့ အတွက်ရယ်၊ နေစရာ၊ ဝတ်စရာနဲ့ စားစရာတွေ လိုအပ်လာတာသိလို့ အလှူငွေအတွက် ကြိုးစားတဲ့အခါ ကိုယ့်လွတ်လပ်မှုကို စတေးရပါတယ်”
“လုံခြုံရေးစည်း ကျိုးပေါက်သွားတဲ့အခါ ဒလံက ကိုယ့်အရေးပေါ် ပြေးလမ်းပါ သတင်းပေးလိုက်တဲ့အခါ ကိုယ်ရှောင်တိမ်းဖို့ ပြင်ထားတဲ့နေရာရဲ့ (စခန်းတခုလုံးရဲ့လုံခြုံရေးအရ) ဒုတိယစီမံချက်ကို လိုက်လျှောက်ရတယ်။ အဲ့ဒီအချိန်အထိလည်း အလှူရသမျှ စခန်းအတွက် ကောက်ခံပေးနေတုန်းပဲ”
“အလှူငွေနဲ့ ပတ်သက်လို့ ကျမ Crypto currency ကို အဖွဲ့တခုရဲ့ မေးလ်နဲ့ ဖွင့်ထားလို့ သူတို့နဲ့ ဆက်သွယ်ပြီး စိတ်ကြိုက် စစ်ဆေးနိုင်ပါတယ်။ Messenger မှာ မေးလို့ ရပါတယ်။ စင်္ကာပူက ရသမျှ ပို့တဲ့ အစ်မထံ ငွေစာရင်း ထားရှိပါတယ်။ ကျမ ငွေ မကိုင်ပါ”
“ကိုရီးယားက အစ်မထံ ငွေစာရင်းထားရှိသလို ရသမျှ အစ်မ မရွှေမိုး အသိဆုံးမို့ အများကို အသိပေးတဲ့ငွေနဲ့ စာရင်းတိုက်စစ်နိုင်ပါတယ်။ ဂျပန်၊ ယူကေ၊ အမေရိက၊ ဩစတြေးလျ တာဝန်ခံပေးတဲ့ အစ်ကို အစ်မတွေနဲ့ ကျမ Page မှာ ကြေညာထားတာနဲ့ စာရင်း အချိန်မရွေး တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။
ရရှိခဲ့တဲ့ အလှူငွေ ကျပ် သိန်း ၁၁၀၀ ဝန်းကျင်ကို တကယ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေမှာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
“အလှူရငွေ ကျပ် သိန်း ၁၁၀၀ ဝန်းကျင်ကို တကယ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေမှာ အသုံးပြုခဲ့ပါတယ်။ တာဝန်ယူ ကောက်ခံပေးတဲ့ အစ်ကို အစ်မတွေနဲ့ လက်ခံရရှိသူတွေ တိုက်ရိုက် မေးလို့ရပါတယ်”
“အလှူလက်ခံသူတွေ ညွှန်းတဲ့ ဆိုင်မှာပဲ ပစ္စည်းတွေ မှာယူခဲ့ပြီး ကျမ လက်ခံရရှိတဲ့ အလှူစာရင်းကို အားလုံး မြင်နေရပါတယ်။ မြန်မာကျပ်ငွေကို ဇူလိုင်လမှာ စတင်လက်ခံပြီး ယခုအချိန်အထိ သိန်း ၁၀၀ ဝန်းကျင် ရှိပါတယ်။ မြန်မာကျပ်ငွေ အလှူဟာ အလှူရှင်တွေအတွက် လုံခြုံရေး ပြဿနာ ရှိနေတဲ့အတွက် သတိကြီးကြီးထားပြီး အလှူငွေရဖို့ထက် အလှူရှင်အန္တရာယ် မဖြစ်အောင် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ပါတယ်”
“ကျမ မဖြစ်မနေ ဆောင်ရွက်ရန်ရှိတဲ့ ကိစ္စတချို့ကြောင့် ပထမဆုံးရှိနေခဲ့တဲ့ စခန်းနဲ့ အဝေးရောက်နေရင် ရောက်နေမယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်တာကို ဆက်လက် ဆောင်ရွက်ပေးနေပါသေးတယ်။ အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေအတွက် ပိုကောင်းတဲ့ အဖြေတွေ ရှာပေးနေပါသေးတယ်။ အခုထိလည်း လုပ်ဆောင်နေသလို အဖြေလည်း ရှာပေးနေပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။
အခုလို ရှင်းပြရတဲ့ အကြောင်းအရင်းကတော့ အလှူငွေနဲ့ ပတ်သက်ပြီး ထားထက်ထက်က သူ့ထံ ရောက်ရှိလာတဲ့ စိတ်နာကျင်စေရတဲ့ သတင်းတခုကြောင့်လို့ ဆိုပါတယ်။
“ဘာလို့ ဒီလို ရေးနေရလဲဆိုတော့ ဒီရက်ပိုင်းမှာ ကျမ စိတ်ကို နာကျင်စေတဲ့ ကိစ္စတခု ရှိနေလို့ပါပဲ။ အဲ့ဒါကတော့ ကျမ ပထမ စခန်းကနေ အခြားနေရာတခုကို ရှောင်တိမ်းခဲ့ပြီး ရက် ၂၀ လောက်မှာ စခန်းက သတင်းတခု ကျမအသိ ညီမတယောက်ဆီကို ရောက်လာပါတယ်။ ပြီးခဲ့တဲ့ (၇) ရက်လောက်မှာ ဂျပန်က မိတ်ဆွေ တယောက်ရဲ့ အသိက Messenger မှာ သတင်းတခု ပေးလာပါတယ်”
“ဒီရက်ပိုင်းမှာပဲ နိုင်ငံတခုက အလှူအတွက် အကူအညီ တောင်းခံထားတဲ့ သူဆီက သတင်းတခု ထပ်ရောက်လာပါတယ်။ သတင်းကတော့ တခုတည်းပါ။ ကျမဆီကို လှူရင် အလှူငွေက ၃ ပုံ ၁ ပုံပဲ စခန်းဆီ ရောက်တယ်ဆိုတဲ့ သတင်းပါပဲ။ နေရာတွေသာ ကွဲတာ သတင်းက လုံးဝကို တခုတည်းပါပဲ”
“ကျမ အလှူစကောက်တဲ့ အချိန်ကစလို့ ဇွန်လကုန်အထိ သိန်း ၁,၁၀၀ ရပြီး အကုန် ပြန်လှူဒါန်းပြီးပါပြီ။ စခန်း တာဝန်ခံသည် အရောင်းသမားဆီမှာ လိုတဲ့ပစ္စည်း ယူရုံပါပဲ။ ငွေတော့ သူတို့ လက်ထဲ မထည့်ပေးပါဘူး။ ဆိုင်ရှင်က စခန်းတာဝန်ရှိသူ ညွှန်တဲ့ ဆိုင်ရှင်ပါပဲ”
“ပစ္စည်းယူတဲ့အခါမှာ Covid ကိစ္စကြောင့်နဲ့ အခြားလုံခြုံရေးကိစ္စတွေကြောင့် (ငွေအကျေ ချေပြီးသား) ချက်ချင်းမရောက်နိုင် ပိတ်မိနေတာမျိုးတွေလည်း ရှိပါတယ်။ ကျမတို့ ပစ္စည်းမှာယူ ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာ ဖြစ်ပေါ်နေတဲ့အရာတိုင်းကို Public ထံ အသေးစိတ်ရှင်းပြ ချပြလို့မရတာတွေလည်း ရှိပါတယ်”
“ကျမ အာမခံနိုင်တာက အခုလှူပေးနေကြတဲ့သူတွေက ကိုယ့်မိသားစု စားမယ့်ထမင်း ၂ လုတ်ထဲက ၁ လုတ်ကို လျှော့စားပြီး လှူနေကြတာဖြစ်တဲ့အတွက် ကျမ အသက်သာအသေခံမယ်။ ဘယ်တော့မှ ကျမ ကိုယ်ကျိုးအတွက် အလှူငွေ ထဲက တပြားတချပ်တောင် အသုံးမပြုပါဘူး”လို့ ထားထက်ထက်က ပြောပါတယ်။
ဆက်လက်ပြီး ထားထက်ထက်က ရရှိသမျှ အလှူငွေ အားလုံးကို ကိုယ်တိုင် အလွဲသုံးစား မလုပ်သလို၊ အလေအလွင့် မဖြစ်စေအောင်လည်း တတ်နိုင်သမျှ ကြိုးစားတယ်လို့ ဆိုပါတယ်။
“ကျမတို့ စခန်းဆီကို လှူတဲ့ပစ္စည်းတွေထဲက ကျမအတွက် သုံးမိတာ အင်္ကျီ ၂ ထည်နဲ့ ခြင်မကိုက်ဆေး ၁ ဘူးပါပဲ။ ကျမအတွက် ကိုယ်ရေးကိုယ်တာ သုံးဖို့ပေးတဲ့ မုန့်ဖိုးကိုတောင် အများအတွက် သုံးဖို့ပဲ အလှူထဲ ထည့်ပါတယ်။ ကိုယ်တိုင်လည်း အလွဲသုံးစား မလုပ်သလို အလေအလွင့် မဖြစ်ရစေအောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပါတယ်”
“ကိုယ့်စခန်းမှာ လိုအပ်တာတွေ အမြန်ဆုံးနဲ့ အရင်ဖြည့်နေရင်း၊ ကိုယ့်စခန်းတခုသာမက အခြားစခန်းတွေအတွက်ပါ ကူနိုင်အောင် ကြိုးစားရင်း၊ ကိုယ်ကြိုးစား သည်းခံသမျှ ဒီလို အထင်လွဲ ပြောဆိုခံရမှုနဲ့ ထိုက်တန်တယ်လို့ မထင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီလကုန်ရင် စခန်းအတွက် ကျမ အလှူခံတဲ့ကိစ္စကို ရပ်နားပါတော့မယ်”
“ကျမ လုပ်နိုင်တဲ့၊ ကျမ တတ်နိုင်တဲ့ အခြားအရာတွေ ဆက်လုပ်သွားပါမယ်။ ကျမ လက်ရှိ ဆောင်ရွက်လျက်ရှိနေတဲ့ အလှူကိစ္စကို NUG နဲ့ EAO ကို အထောက်အကူပြုမယ့် ရည်ရွယ်ချက်ကိုပဲ အာရုံစိုက် ဆောင်ရွက်သွားပါတော့မယ်”လို့ ထားထက်ထက်က ပြောပါတယ်။
“ကျမ ယုံကြည်ချက်နဲ့ ကျမ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ဖြစ်လို့ ချီးကျူးသံ၊ လက်ခုပ်သံတွေ မရရင်လည်း နေတတ်၊ ကျေနပ်ပြီးသား ဖြစ်သလို စိတ်ကိုလည်း ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သိက္ခာပိုင်းအရ ထိခိုက်မှု၊ တွန်းတိုက်မှုကိုတော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ် လက်ခံမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ တချို့တွေက စေတနာနဲ့ မတန်ဘူး မဟုတ်လား”လို့ ထားထက်ထက်က ပြောထားပါတယ်။
You may also like these stories:
အသက်ရှင်စဉ် စခန်းတွေကို လိုအပ်တာ ထောက်ပံ့ဖို့ ထားထက်ထက် ပြော
ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း