Entertainment

ကိုဗစ်ကြောင့် ခက်ခဲနေတဲ့ နေရာတွေကို လှူဖို့ Music Workshop လုပ်မယ့် ထွန်းနောင်ဆင့်

ကိုယ်တိုင် သီချင်းများ ရေးသား သီဆိုသလို၊ Cover သီချင်းတွေ သီဆိုတဲ့ အဆိုတော် ထွန်းနောင်ဆင့်က ယခုကာလမှာ ကိုဗစ်ဒဏ်ကြောင့် အခက်အခဲ တွေ့နေတဲ့ နေရာတွေကို လှူဒါန်းဖို့ သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ၂ နာရီစာ Workshop လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အခုကာလမှာ ကိုဗစ်ဒဏ်ကြောင့် အခက်အခဲ တွေ့နေတဲ့ နေရာတွေ၊ အောက်ဆီဂျင် လိုနေတဲ့ နေရာတွေကို လှူချင်လို့ (ကိုယ့်အိတ်ထဲမှာလည်း ငွေကြေး မရှိတော့တာ ကြာပြီမို့) ကျနော် သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ၂ နာရီစာ Workshop လေးလုပ်ဖို့ စဉ်းစားထားပါတယ်”

“သိလွန်းတတ်လွန်းလို့ မဟုတ်ပါ။ ကိုယ်လုပ်ပေးနိုင်တာ ဒါပဲရှိလို့။ ကိုယ့်လူတွေ အသိပညာလည်း တိုးမယ်၊ အလှူလည်း လုပ်ဖြစ်မှာမို့ စေတနာ ပညာဒါန သဘောပါ။ တယောက်ချင်းစီကို လိုက်သင်ကြားပေးတဲ့ သင်တန်းမျိုး မဟုတ်ဘဲ ကျနော် သီချင်းစဆိုတုန်းက ဘယ်လိုလေ့လာ လေ့ကျင့်ခဲ့သလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးမှာပါ”လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။

အဆိုတော် ထွန်းနောင်ဆင့် (ဓာတ်ပုံ – Htun Naung Sint’s Facebook)

အဆိုပါ Workshop မှာတော့ သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ မသိတာတွေကို ဖြေကြားပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ တော်တော်များများ ဖြစ်တတ်တဲ့ ပြဿနာတွေကို အလေးပေး ပြောပြသွားမှာပဲ ဖြစ်ပါတယ်။ လာတက်ရောက်တဲ့သူတွေကနေလည်း သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်အခက်အခဲနဲ့ ပတ်သက်ပြီး မသိတာတွေကို ဖြေကြားပေးနိုင်ဖို့ရာ ရည်ရွယ်ပါတယ်။ အသေးစိတ်ကတော့ အားလုံးစီစဉ်ပြီးတာနဲ့ ပြန်ပြောပေးပါမယ်”လို့ ထွန်းနောင်ဆင့်က ဆိုပါတယ်။

ဆက်လက်ပြီး ထွန်းနောင်ဆင့်က ယခုရက်ပိုင်း အနံ့ပျောက်သူတွေ များလာတာကြောင့် ဖြစ်နိုင်ရင် အပြင်မထွက်ကြဖို့နဲ့ မဖြစ်မနေ ထွက်ရရင်လည်း ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

အဆိုတော် ထွန်းနောင်ဆင့် (ဓာတ်ပုံ – Htun Naung Sint’s Facebook)

“ဒီရက်ပိုင်း အနံ့ပျောက်၊ အရသာပျောက်ကြတဲ့သူတွေ တဖြည်းဖြည်း များလာကြတယ်။ ကုတော့လည်း ကိုယ့်အိမ်မှာပဲ ကိုယ်ကုရမှာမို့ လိုအပ်တဲ့ ဆေးတွေ ကြိုဝယ်ထားကြပါ။ ဖြစ်နိုင်ရင် အပြင်မထွက်ဘဲ ကိုယ့်အိမ်သားများနဲ့တောင် ခပ်ခွာခွာလေး နေကြပါ”

“မဖြစ်မနေ ထွက်ရမယ်ဆိုရင်တောင် Mask ၂ ထပ် တပ်ပါ။ လက်ခဏခဏ ဆေးပါနော်။ မပေါ့ကြပါနဲ့။ ထပ်အဆုံးရှုံး မခံနိုင်တော့လို့ပါ။ အားလုံး ဘေးကင်းလုံခြုံဖို့နဲ့ ပျော်ရွှင်ဖွယ်ရာ နေ့သစ် မကြာခင်ရောက်ဖို့ ယေရှုနာမ၌ ဆုတောင်းပါ၏”လို့ ထွန်းနောင်ဆင့်က ပြောထားပါတယ်။

အဆိုတော် ထွန်းနောင်ဆင့်ကတော့ ကိုဗစ် ဒုတိယလှိုင်းအတွင်း အွန်လိုင်းမှာ Omegal မှတဆင့် Reaction Video များ ရိုက်ကူး တင်ဆက်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကချင် အမျိုးသမီးတဦး သီဆိုထားတဲ့ ကိုဗစ်သီချင်းကို ပြန်လည် ဖန်တီး တီးခတ်ခဲ့ပါတယ်။

You may also like these stories:

ကချင်အမျိုးသမီးရဲ့ ကိုဗစ် သီချင်းကို ပြန်ဖန်တီးလိုက်တဲ့ ထွန်းနောင်ဆင့်

မြန်မာ အနုပညာရှင်တွေကို နိုင်ငံတကာ သိအောင် Reaction ဗီဒီယိုတွေ ဖန်တီးတဲ့ ထွန်းနောင်ဆင့်

ကိုဗစ် တတိယလှိုင်းကို အထူး ဂရုစိုက်ကြဖို့ အနုပညာရှင်များ တိုက်တွန်း

Loading