လတ်တလော ပြည်သူတွေ မီတာခ မပေးဆောင်လို့ စစ်ကောင်စီဘက်က မီးဖြတ်တာနဲ့ ပတ်သက်ပြီး နစ်နာကြောင်း ပြောနေကြတဲ့အပေါ် အဆိုတော် နိုဗန်ထူးက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ဆိုပါတယ်။
“မီးဖြတ်တာနဲ့ ပတ်သက်ပြီး စာအရှည်ကြီးနဲ့ နစ်နာကြောင်းတွေ တွေ့မိတယ်။ ကျနော်တို့ စတော်လှန်ကတည်းက လက်သုံးချောင်းထောင်၊ R2P တွေ၊ UN တွေ၊ ဆိုရှယ်မီဒီယာမှာ ပုံတင်ပြီး တော်လှန်ရေး နိုင်မယ်လို့ ထင်ခဲ့ကြတာတွေကိုလည်း အပြစ်မပြောပါဘူး။ အတွေ့အကြုံကနေ တဖြည်းဖြည်း သင်ယူရမှာပဲ”
“သို့သော် Failed State အထိ သွားဖို့ရှိတယ် ဆိုတာတော့ နားလည်တတ်ကျွမ်းသူတွေ သုံးသပ်ကြတာပဲ။ အနှေးနဲ့ အမြန်ပဲ ကွာမှာ။ အခု ဂိမ်းတခု ဆော့သလိုပဲ သဘောထား။ Mission တခုပြီးတခု ကျနော်တို့ ကျော်ဖြတ်လာပြီးပြီ။ နောက်ဆုံး ဇာတ်သိမ်းခန်း ရောက်လေလေ ပိုခက်လာလေလေပဲ”လို့ နိုဗန်ထူးက ဆိုပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မရှိတော့သလို၊ မှောင်ခို ကိစ္စတွေလည်း ပေါ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
“Foreign investment တွေလည်း မရှိတော့ဘူး။ ဖုန်းလိုင်းဆိုလည်း သူတို့ လက်ထဲမှာပဲ။ အင်တာနက် ဆိုတာလည်း သူတို့သားသမီးတွေပဲ ပေးသုံးတာတို့၊ အချိန် အကန့်အသတ်နဲ့ ပေးသုံးတာတို့၊ အချိန်မရွေး အကောင့်ကို ဖောက်ပြီး Privacy မရှိတာတို့ မဖြစ်လာဘူးလို့ ပြောမရဘူး။ မှောင်ခို ကိစ္စတွေလည်း ပေါ်လာမယ်”
“အလုပ်အကိုင်တွေလည်း မရှိဘဲ ဖြစ်ရဦးမယ်။ စသဖြင့် ဟိုးအရင်ကလို ကျွန်သာသာ အသက်ရှင်ရတဲ့စနစ်ပဲ ခင်ဗျားတို့ကို ပေးမှာ။ အဲ့ဒါတွေအတွက် ရသလောက် အမုန်းရှာ၊ အပျော်တွေလျှော့၊ ဘာဖြစ်ဖြစ် စားနိုင်အောင်ကျင့်၊ စားသောက်တာကလွဲပြီး ပိုတာတွေကို လှုပ်ရှားနေတဲ့သူတွေကို လှူ”လို့ နိုဗန်ထူးက ပြောပါတယ်။
စစ်ကောင်စီထံ အခွန်ပေးမိရင် ဘဝတူ ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ကျည်ဆံဖိုး ပေးလိုက်သလိုပါပဲလို့ နိုဗန်ထူးက ဆိုပါတယ်။
“အခုတော့ သူတို့တွေက အခွန်အခတွေ ရသမျှ ညှစ်ပြီး အသက်ဆက်ဖို့ ကြိုးစားနေကြပြီ။ သူတို့တွေ လက်ထဲ အခွန်ပေးမိရင် ဘဝတူ ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ကျည်ဆံဖိုး ပေးလိုက်သလိုပါပဲ။ မီးဖြတ်တာမျိုး ကြုံလာခဲ့ရင် ဘယ်လို ရှင်သန်လို့ရဦးမလဲ ရှာဖွေနေထိုင်ဖို့ ကြိုးစားပါ”
“ငါတို့ မှောင်ပေမယ့် နောက်မျိုးဆက်တွေ လင်းဖို့ တောင့်ခံနိုင်အောင် ကြိုးစားကြပါ။ ရောင်နီလာဖို့ သန်းခေါင်ကို ဖြတ်ရတယ်လို့ သဘောထားပေးပါ။ ဒီဂိမ်းကို နိုင်အောင် ဆော့ကြမယ်”လို့ နိုဗန်ထူးက ပြောထားပါတယ်။
အဆိုတော် နိုဗန်ထူးဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်ဖို့ တော်လှန်ရေး နယ်မြေကို ရောက်ရှိနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဂရုစိုက်ကြဖို့ နိုဗန်ထူး ပြော
TikTok ကို ထိထိရောက်ရောက် သပိတ်မှောက်ဖို့ နိုဗန်ထူး တိုက်တွန်း
ရေမွန်နဲ့ ပတ်သက်ရင် ကောင်းတဲ့အရာတွေပဲ ရှိစေချင်တဲ့ နိုဗန်ထူး