ဇွန်လအတွင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူများ ပိုမို များပြားလာတာကြောင့် သူကူးစက်ခံရစဉ်က အတွေ့အကြုံတွေကို လူမှုကွန်ရက်မှာ အခုလိုပဲ ပြန်လည် မျှဝေထားပါတယ်။
“COVID-19 ဖြစ်ပြီဆို တော်တော်များများက ကြောက်ပြီး စိတ်ဓာတ် ကျလာတာပါ။ ကျနော်ကိုယ်တိုင်လည်း ကြောက်ခဲ့ပါတယ်။ စိတ်ကျခြင်းက ရောဂါကို ပိုဆိုးစေတာကြောင့် အဓိက စိတ်မကျဖို့ လိုပါတယ်”
“တယောက်နဲ့ တယောက် လက္ခဏာပြတာ မတူတာရယ်၊ ကျနော် ကိုယ်တိုင် ဆေးလောက နယ်ပယ်က မဟုတ်တဲ့အတွက် ဆေးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးပေးပါဗျာ။ ကျနော် ဖြစ်ခဲ့စဉ်က လုပ်ခဲ့တာလေးတွေကိုသာ ကျနော် ပြန်လည် ဝေမျှတာ ဖြစ်ပါတယ်ခင်ဗျာ”လို့ ဘင်ဂျမင်ဆုမ်းက ဆိုပါတယ်။
ဘင်ဂျမင်ဆုမ်းက ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ခဲ့တဲ့ ဆေးတွေနဲ့ သူနေထိုင် စားသောက်ခဲ့တဲ့ ပုံစံကိုလည်း အခုလိုပဲ မျှဝေထားပါတယ်။
“Vitamin C, Zinc, D3 တွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်ပါတယ်ဗျ။ ကိုယ့်ရဲ့အခြေအနေအရ တခြားဆေးတွေလည်း သောက်ပါတယ်ခင်ဗျ။ ကြောက်လန့်ပြီး ဆေးကို လိုတာထက် အလွန်အကျွံ မသောက်မိဖို့တော့ လိုပါတယ်”
“အဖျားတနေ့ ၃ ခါ တိုင်းပါတယ်။ အောက်ဆီဂျင် Level နဲ့ သွေးပေါင် တနေ့ ၂ ခါ တိုင်းပါတယ်။ ရေနွေးငွေ့ကို အနည်းဆုံး တနေ့ သုံးကြိမ် ရှူပါတယ်။ တကယ် အလုပ်ဖြစ်ပါတယ်။ အိပ်ရာနိုးတိုင်း ရေနွေးနဲ့ ဆားအရောကို အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပါတယ်”
“ဟင်းရည် (သို့မဟုတ်) စွပ်ပြုတ်ပူပူတွေ သောက်ပါတယ်။ ထမင်းစားခါနီးလည်း အစာကို ပူအောင် ပြန်လုပ်ပြီးမှ စားပါတယ်။ ရေခဲရေကို လုံးဝ ရှောင်ထားပြီး ပုံမှန် အခန်းအပူချိန်၊ ရေနဲ့ ရေနွေးကို အမြဲသောက်ပါတယ်”လို့ ဘင်ဂျမင်ဆုမ်းက ဆိုပါတယ်။
ဆက်လက်ပြီး ကိုဗစ် ကူးစက်ခံထားရသူတွေအနေနဲ့ ကောင်းစွာ အိပ်စက် အနားယူဖို့ လိုအပ်ပြီး စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ချပါလို့ ဆိုပါတယ်။
“အများကြီးအိပ်ပါ။ ညဘက်တွေ ကောင်းစွာ အိပ်စက်အနားယူဖို့ လိုပါတယ်။ စိတ်ဖိစီးမှု များနေတဲ့ ကာလဖြစ်ပေမယ့် အတတ်နိုင်ဆုံး စိတ်ကို လျှော့ချပြီး ပျော်အောင်နေရင်း ကောင်းစွာ အိပ်စက်အနားယူပါ”
“ကိုယ်ခံအားနဲ့ပဲ ပြန်တိုက်ရတဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ခံအားကောင်းဖို့ အားရှိစေတဲ့အစားအသောက်တွေ စားဖို့ လိုပါတယ်ခင်ဗျ။ မျှော်လင့်ချက်ကို လက်မလွှတ်ဘဲ ကိုယ်ယုံကြည်ရာ ဘာသာရေးကို အားစိုက်လုပ်ပြီး ကိုယ်ခံအားကောင်းအောင်သာ အဓိကနေထိုင် စားသောက်ရင်း အားတင်းထားကြမယ် ခင်ဗျာ။ You can do it. God Bless You”လို့ ဘင်ဂျမင်ဆုမ်းက ပြောထားပါတယ်။
အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ ဇွန်လ ၁ ရက်နေ့က COVID-19 ရောဂါ Positive ဖြစ်ကြောင်း သိရှိခဲ့ပြီး၊ ၁၄ ရက်မြောက်နေ့မှာ ရောဂါ ပျောက်ကင်း သက်သာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Home Quarantine ၇ ရက် နေထိုင်ခဲ့ပြီး ကျန်းမာလာတာ ဖြစ်ပါတယ်။
You may also like these stories:
အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ရောဂါ ပျောက်ကင်းပြီ
အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ကူးစက်ခံရ