မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ ဖိလစ်ပိုင် ဂေးမော်ဒယ် Sinon Loresca ဟာ မြန်မာပြည်သူတွေ လက်ရှိ ကြုံတွေ့နေရတဲ့ COVID-19 တတိယလှိုင်းကို သူကြားသိရပြီး၊ မြန်မာနိုင်ငံအတွက် သူတတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းပေးမယ်လို့ ဆိုပါတယ်။
“ကျနော် ချစ်သော မြန်မာပြည်သူပြည်သားတွေရေ။ အခု မြန်မာမှာ ဖြစ်နေတဲ့ COVID-19 တတိယလှိုင်းကြောင့် တော်တော်ဆိုးဆိုး ဒုက္ခရောက်နေတယ်လို့ ကျနော် ကြားသိရပါတယ်”
“ဒါကြောင့် ကျနော် နောက်အပတ်ထဲမှာ ကမ္ဘာတဝန်းမှာ ရှိကြတဲ့ ကျနော့် ပရိသတ်တွေဆီက အလှူငွေ ကောက်ခံပါ့မယ်။ ရလာတဲ့ ပိုက်ဆံတွေကို မြန်မာပြည်မှာ အောက်ဆီဂျင် လိုအပ်နေသူတွေထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အားတင်းထားပါဦး မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားတွေရေ”လို့ Sinon Loresca က ဆိုပါတယ်။
“ခင်ဗျားတို့မှာ ကျနော်ရယ်၊ ကမ္ဘာကြီးရယ် ကျန်ပါသေးတယ်။ ကျနော်တို့အတူတူ အခက်အခဲ မှန်သမျှကို ရင်ဆိုင် တိုက်ခိုက်ကြမယ်”လို့ Sinon က ပြောပါတယ်။
ဆက်လက်ပြီး Sinon က မြန်မာနိုင်ငံမှာ အခုလိုအချိန် အောက်ဆီဂျင်ဘူးတွေကို ဈေးတင် မရောင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။
“အောက်ဆီဂျင်ဘူး ရောင်းသူများ အခုလိုအချိန်မှာ ဈေးတွေကို မတန်မဆတွေ တင်မရောင်းပါနဲ့ ခင်ဗျာ။ သာမန် အနေအထားတိုင်းသာ ရောင်းခြင်းဖြင့် လူ့အသက်တွေကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိုဗစ် တတိယလှိုင်းမှာ အချင်းချင်း ကရုဏာ မေတ္တာထားပေးကြဖို့ တောင်းဆိုပါတယ် ခင်ဗျာ”လို့ Sinon က ပြောထားပါတယ်။
“King of catwalk” လို့ လူသိများတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ဟာ လက်ရှိ ပြည်ပကို ရောက်ရှိနေပေမယ့် မြန်မာနိုင်ငံကို လွမ်းဆွတ်နေပြီး၊ မြန်မာပြည်သို့ နောက်တကြိမ် ပြန်လာပြီး အနုပညာ အလုပ်တွေ လုပ်ချင်သေးတယ်လို့ ဆိုပါတယ်။
You may also like these story:
မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာချင်တဲ့ မော်ဒယ် Sinon Loresca