ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ဆုထက်ကုဋေက ၂၀၂၀ ကိုဗစ် ဒုတိယလှိုင်းမှာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ သူခံစားခဲ့ရတဲ့ ရောဂါလက္ခဏာ အခြေအနေတွေကို လူမှုကွန်ရက်ကနေ အခုလိုပဲ မျှဝေထားပါတယ်။
“ကျမ အရင်နှစ် ကိုဗစ် ဒုတိယလှိုင်းတုန်းက ခံစားရတဲ့ ရောဂါလက္ခဏာ အခြေအနေလေးကို အတွေ့အကြုံ အနည်းအကျဉ်း ပြောပြချင်ပါတယ်”
“ပထမနေ့မှာ ကျမ စဖျားပါတယ်။ အမေက ဖျားတာ ၃ ရက်လောက် ရှိပြီးမှ ကိုယ့်ဆီ ကူးတာပါ။ ဒုတိယနေ့ ကျမ ကိုယ်တွေ လက်တွေ ကိုက်ပြီး နာပါတယ်။ ခေါင်းက အရမ်းကိုက်တာ ပေါက်ကွဲမတတ်ပါပဲ။ အဲ့ရက်တွေ အကိုက်အခဲပျောက်ဆေး၊ Cevit၊ ဓါတ်ဆားရည် သောက်နေပါတယ်”
“တတိယနေ့ ကျမ အနံ့ မရတော့ဘူး။ အဖျားကျသွားခဲ့တယ်။ ထမင်းစားရင် သီးတယ်။ မရရအောင် ထမင်းကို ဝင်အောင် စားခဲ့တယ်။ အမေက ပဲနီလေးဟင်းချို၊ အသားဟင်းတခွက်၊ ကြက်ဥပြုတ်နဲ့ စားချင်စဖွယ်ဖြစ်အောင် လုပ်ပေးတယ်။ ကြက်သွန်နီကို ၄ နာရီခြားတခါ ဝါးစားတယ်။ ချင်းပြုတ်ရည် သောက်တယ်”လို့ ဆုထက်ကုဋေက ဆိုပါတယ်။
ရောဂါ ခံစားရစဉ်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေနဲ့ စားသောက်မှု ပုံစံကိုလည်း ဆုထက်ကုဋေက အခုလိုပဲ မျှဝေထားပါတယ်။
“ကျမ ညဘက် အိပ်မပျော်ပါဘူး။ မရရအောင် အိပ်ပါတယ်။ စတုတ္ထနေ့ ကျမ အရသာ မရတော့ဘူး။ ပိုခက်ခဲလာပြီ။ အသက်ရှုလည်း ကြပ်တယ်။ အသက်ရှု လေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း နာရီဝက် (အိမ်ထဲမှာပဲ) လုပ်ဖြစ်ပါတယ်”
“အရသာ မရတဲ့အပြင် အစားအစာတွေက လည်မျိုမှာ တစ်နေတယ်။ အစားမဝင်ချင်တော့ဘူး။ ကျမ တကယ် ပင်ပန်းခက်ခဲခဲ့တယ်။ အားမလျော့ခဲ့ပါဘူး။ အရည်ဝင်အောင် သောက်တယ်။ ကြက်ပေါင်းရည်၊ Green tea ရေနွေးကြမ်း၊ ကြက်ဥပြုတ်၊ ပျားရည် စသဖြင့် တော်တော်သောက်ခဲ့ပါတယ်”
“ဆေးတွေကတော့ ငါးကြီးဆီ၊ Cevit၊ Zinc ဒါပဲ သောက်တယ်။ Vitamin D အတွက်က နေပူဆာလှုံတယ်။ နေ့လယ် ခဏအိပ်တယ်။ Meditation လုပ်တယ်။ ၅ ရက်မြောက်နေ့ ကျမ အနံ့ပြန်ရခဲ့တယ်။ မျက်နှာသစ်နေကျ ဆပ်ပြာနံ့ကို ပထမဆုံး ပြန်ရတာပါ”
“အစားအသောက်အတွက်က ခံတွင်းပျက်တုန်းပါပဲ။ မစားချင်လည်း ရအောင် ဆက်စားနေတယ်။ အရသာလည်း နောက်နေ့ ပြန်ရခဲ့ပြီ။ အပေါ်က အချက်တွေအတိုင်းပဲ ဆက်လုပ်ပါတယ်။ ဆေးသောက်၊ လေ့ကျင့်ခန်းလုပ်ခြင်း စသည့် အားလုံးကို”လို့ ဆုထက်ကုဋေက ဆိုပါတယ်။
ကိုဗစ် တတိယလှိုင်းဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ထက် ကူးစက်မှု ပိုမို မြန်ဆန်တာကြောင့် အားလုံး ပိုသတိထားကြဖို့ ဆုထက်ကုဋေက တိုက်တွန်းထားပါတယ်။
“ကျမလို ကိုယ်ခံအားနည်းတဲ့သူကို ဒီရောဂါက အလွယ်တကူ ဝင်ရောက်လာပြီး ကျမ ရောဂါ အဖြစ်မခံနိုင်ဘူး၊ ရှင်သန်ရမယ်ဆိုတဲ့ စိတ်နဲ့ ရင်ဆိုင်ခဲ့တာပါ။ အခု နောက်တဖန်ဖြစ်တဲ့ တတိယလှိုင်းမှာတော့ ရောဂါပိုးက ပိုပြီး ကူးစက်မြန်လာတဲ့အတွက် ပိုသတိထားကြပါရှင်။ အရင်လို Mask တပ်၊ လက်ဆေး အဲ့ဒါတွေက အားလုံးသိပြီးသားတွေပါနော်”
“အဓိကက အစားအသောက် စားရင် ပူပူနွေးနွေးစား၊ အပြင်က ဝယ်စားတာတွေ တတ်နိုင်သမျှ ရှောင်ကြဉ်၊ ကိုယ်ခံအားကောင်းအောင် နေကြပါနော်။ အခုနေ ကျမလည်း Covid test မစစ်ကြည့်လို့ပါ။ စစ်ကြည့်ရင် Positive ဖြစ်နိုင်ပါတယ်။ လူတိုင်းလည်း ဖြစ်နိုင်ပါတယ်ရှင်”
“ကိုယ်ခံအားကောင်းလို့ မပေါ်သေးတာပါ။ ကိုယ်ခံအားက အဓိကပါ။ အနံ့ပျောက်ရုံနဲ့ မကြောက်ပါနဲ့နော်။ Home Quarantine ဝင်ပြီး သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အားတင်းထားကြပါနော်”လို့ ဆုထက်ကုဋေက ပြောပြထားပါတယ်။
သရုပ်ဆောင် ဆုထက်ကုဋေဟာ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။