ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက COVID-19 ရောဂါကို ကိုယ်တိုင် ခံစားခဲ့ရပြီး၊ ကိုယ်ဝန် ရှိနေစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ ရောဂါ လက္ခဏာတွေအကြောင်း အခုလိုပဲ ပြောပြထားပါတယ်။
“ဒီရောဂါအကြောင်း ကိုယ်တကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်။ ကိုယ်ဝန်ကြီးနဲ့မို့ ဖြစ်တာ သိချင်နေလို့တဲ့။ ကျမ ရောဂါပျောက်ခါနီးမှ ကိုဗစ် ဖြစ်နေတာ သိတာ။ ကျမ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ခါးတွေ၊ လက်တွေ၊ ပေါင်တွေ၊ ခြေသလုံးတွေ နာတာနာတာဆိုတာ။ အားလုံးက ကိုယ်ဝန်ဆိပ် တက်နေတာလို့ပဲ ပြောကြတယ်”
“ကျမလည်း အဲ့လိုပဲ ထင်ခဲ့တာ။ ကိုဗစ် ကိုယ်ထဲ ဝင်နေတာ သိတောင် မသိခဲ့ဘူး။ အစားအသောက် မပျက်ဘူး။ လူမမာကြီးလို မနေခဲ့ဘူး။ ဖြစ်နေမှန်းတောင် မသိခဲ့ဘူး။ ညညကျရင် တုန်ပြီး ချမ်းတက်လာတာကိုလည်း ဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲ ထင်နေခဲ့တာ”

“ဘာဆေးမှလည်း မသောက်ခဲ့ဘူး။ ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်ျားကို ဆေးလိမ်းခိုင်းတယ်။ နင်းခိုင်း နှိပ်ခိုင်းတယ်။ လွန်ခဲ့တဲ့ ၄ ရက်လောက်က အာခေါင်တွေ စနာတယ်။ နှာခေါင်းပိတ်တယ်။ ကိုယ်နည်းနည်း ပူတယ်။ အဲ့ဒါလည်း ငါမိုးမိလို့ တုပ်ကွေး ဖြစ်တယ်လောက်ပဲ သဘောထားတယ်”လို့ နှိုင်းရှင်မြင့်မိုရ်က ဆိုပါတယ်။
ရောဂါ ခံစားရချိန်မှာ အစားကို ယခင်ကထက် ပိုစားခဲ့ပြီး၊ အနံ့ စပျောက်ချိန်မှာတော့ နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်လို့ ဆိုပါတယ်။

“စားစရာ ရှိတာကတော့ အရင်ကထက် ပိုစားတယ်။ ပိုအိပ်တယ်။ အင်တာနက်မှာ ဟာသတွေ ရှာကြည့်တယ်။ သရဏဂုံ ရွတ်နေတယ်။ ဆရာသမားတွေကလည်း မေတ္တာ ပို့ပေးနေတယ်တဲ့”
“ပြီးတော့ လွန်ခဲ့တဲ့ ၂ ရက်က အနံ့ စပျောက်တယ်။ ဘာရေမွှေးနံ့၊ ဘာဟင်းနံ့မှ မရတော့ဘူး။ မကြောက်ပါဘူး။ နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်။ အိမ်က လူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့”လို့ နှိုင်းရှင်မြင့်မိုရ်က ဆိုပါတယ်။
ဆက်လက်ပြီး နှိုင်းရှင်မြင့်မိုရ်က ယခု နေပြန်ကောင်းသွားပြီ ဖြစ်ပြီး၊ အားရှိအောင် စားကြဖို့နဲ့ စိတ်ဓာတ် မကျကြဖို့ အခုလိုပဲ ပြောပြထားပါတယ်။
“တနေ့ ပါရာဒက် ၅၀၀ အားနဲ့ Vit C မနက်နဲ့ည သောက်တယ်။ အားရှိတာတွေ စားတယ်။ အိပ်တယ်။ ရေပုံမှန် ချိုးတယ်။ ဒီနေ့မနက် အနံ့ပြန်ရပြီ။ နေလည်း ကောင်းတယ်။ အခု ယောက္ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်။ ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစား လာပို့လိမ့်မယ်။ စားမယ်၊ အိပ်မယ်၊ နားမယ်။ အားလုံး စိတ်ချရမှ အလုပ်တွေ ပြန်လုပ်မယ်”
“ငါ့ဆီ ဒီရောဂါ ရောက်ကို ရောက်လာနိုင်တယ်။ ဘာဆေးနဲ့မှ မပျောက်ဘူး။ သာမာန် ပါရာစီတမော့နဲ့ပဲ။ အဓိက အစာ အာဟာရ မပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့က ပျောက်မယ့် တခုတည်းသော နည်းလမ်းပါပဲ အမျိုးတို့”လို့ နှိုင်းရှင်မြင့်မိုရ်က ပြောပြထားပါတယ်။
သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ဟာ ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပြီး၊ ကိုဗစ်ကာလမှာ အွန်လိုင်း Live Sale များ ရောင်းချကာ လူသိများသူ ဖြစ်ပါတယ်။
You may also like these story:
ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ
ကိုဗစ် ဒုတိယလှိုင်းမှာ ခံစားခဲ့ရတဲ့ အခြေအနေကို ဆုထက်ကုဋေ မျှဝေ