ယနေ့၊ ဇူလိုင်လ ၁၄ ရက်နေ့ဟာ အဆိုတော် ဟိဏ်းသစ်ရဲ့ မွေးနေ့ပါ။ ဟိဏ်းသစ်က သူ့ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် သီလရှင်ကျောင်း၊ မိဘမဲ့ကျောင်း၊ လှော်ကားဥယျာဉ်၊ အောက်ဆီဂျင် လိုအပ်တဲ့ နေရာများနဲ့ အခြား လိုအပ်တဲ့ နေရာတွေမှာ စုပေါင်းကာ လှူဒါန်းခဲ့ပါတယ်။
“ဒီနေ့ ကျနော့် မွေးနေ့၊ အရင်နှစ်တွေတုန်းကတော့ မွေးနေ့ ရောက်ခါနီးရင် ဘယ်မှာလှူပြီးရင် ဘယ်သွားမလဲ။ ဘာစားမလဲ။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ပျော်ခဲ့ကြတာပေါ့။ ဒီနှစ်တော့ အပျော်ဆိုတာ ဘဝမှာရှိသေးရဲ့လားလို့ တွေးမိတယ်။ ဒီနှစ်တော့ စိတ်ဓာတ်က တော်တော်ကို ကျတာ။ အရာအားလုံးအတွက် စိတ်ပူခဲ့ရတယ်”

“ကိုဗစ်ကြောင့် ထပ်ခါတလဲလဲ ထိခိုက်နေတဲ့ ကျနော်တို့တွေ အခုချိန်မှာတော့ တော်တော် ပြိုလဲနေပါပြီ။ ၂၀၂၀ ကမှ ကိုဗစ်ဖြစ်နေပေမယ့် ရရာအလုပ်နဲ့ ရပ်တည်လို့ ရခဲ့ပေမယ့်၊ ၂၀၂၁ မှာတော့ ဘာပြောကောင်းမလဲ။ ၂၀၂၁ အစပိုင်းကနေ မွေးနေ့ကို လှူချင်လွန်းလို့ ကျနော့် လုပ်အားခ ငွေတွေကို အလုပ်တခုက အစ်မဆီက မထုတ်ဘဲ ၆ လတိတိ သိမ်းထားခဲ့တယ်”လို့ ဟိဏ်းသစ်က ဆိုပါတယ်။
ဟိဏ်းသစ်က ၂၀၂၁ နှစ်အစမှာ အလုပ်တွေ ကြိုးစားခဲ့ပြီး၊ သူ့ရဲ့ မွေးနေ့မှာ အလှူလုပ်နိုင်ဖို့ လှူချင်တဲ့ နေရာတွေ အများကြီး လျာထားခဲ့တယ်လို့ ဆိုပါတယ်။
“၂၀၂၁ နှစ်အစက အလုပ်တွေ ကြိုးစားပြီး ဒီဇူလိုင်လကျရင် အလှူတွေ အများကြီး လှူမယ်ပေါ့။ လှူချင်တဲ့နေရာတွေ အများကြီး လျာထားတာတွေ ရှိတာပေါ့။ ၂ လပိုင်းကစပြီး အလုပ်တွေ မရှိတော့တဲ့ ကျနော် အခုလို သီလရှင်ဆရာလေးကျောင်း၊ မိဘမဲ့ကလေးကျောင်း၊ တိရစ္ဆာန်အစာ၊ အောက်ဆီဂျင် နေရာတွေနဲ့ လိုအပ်တဲ့ နေရာတွေမှာ လှူနိုင်ဖို့ မရ ရတဲ့ ၂ ပဲတပြားကို ခြစ်ကုတ် စုလာရတာပါ။ ဒီကြားထဲ အလှူအသေးလေးတွေလည်း လုပ်ခဲ့ပါသေးတယ်”

“ကျနော်လည်း လူဆိုတော့ အတ္တတော့ ရှိတယ်။ ဒီကပ်ရောဂါဆိုးကြီးမှာ ပထမဆုံး စိတ်ပူတာ မိမိနဲ့ ကျနော့် မိသားစု၊ သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင် ဆွေမျိုးမိတ်ဆွေ အကုန်ပေါ့။ ပြီးတော့လည်း မရပ်နိုင်ပါဘူးဗျာ။ တခြားသူတွေ ဘယ်လိုနေကြမလဲ။ အဆင်ရော ပြေကြရဲ့လား။ “စိတ်ပူတယ်၊ ဂရုစိုက်နော်” လို့ စကားကလွဲရင် ကျနော် ထပ်ကူညီနိုင်တာ မရှိတော့ပါဘူး”လို့ ဟိဏ်းသစ်က ပြောပါတယ်။
ဆက်လက်ပြီး ဟိဏ်းသစ်က နေ့စဉ်နဲ့အမျှ စိတ်မကောင်းဖြစ်ရတဲ့ သတင်းတွေကြောင့် သူ့ရဲ့ မွေးနေ့ ဆုတောင်းအနေနဲ့ ပြည်သူတွေအတွက် အခုလိုပဲ ဆုတောင်းပေးထားပါတယ်။

“တရက်တရက် သတင်းတွေ ဖတ်ရင်း မျက်ရည်ကျရတဲ့ နေ့တွေလည်း အများကြီးပဲ။ နောက်ဆုံးအနေနဲ့ကတော့ ကျနော့် မွေးနေ့မှစလို့ ပြည်သူပြည်သားများအားလုံး ကြောင့်ကြ ဆင်းရဲခြင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ”
“တစုံတရာ ဆုံးရှုံးမှု မရှိဘဲ အသက်ဝဝ ရှုရတဲ့ နေ့ရက်တွေ အမြန်ဆုံးရပါစေ။ လူတိုင်းမျက်နှာမှာ ပျော်ရွှင်မှုနဲ့ရတဲ့ အပြုံးတွေ ပြန်မြင်ရပါစေ။ တောင်းနဲ့ဆုနဲ့ ပြည့်ရပါလို၏”လို့ ဟိဏ်းသစ်က ဆုတောင်းထားပါတယ်။