အဆိုတော် Ah Boy က ကိုကြည်သာဟန်နဲ့ စုပေါင်းပြီး ယခုကာလအတွင်း အောက်ဆီဂျင် လိုအပ်နေတဲ့ ပြည်သူတွေအတွက် သတင်းကောင်းတခု အခုလိုပဲ မျှဝေထားပါတယ်။
“ကျနော် ဒီရက်ပိုင်း ခဏပျောက်နေတာ အခြားကြောင့် မဟုတ်ပါဘူး။ ဒီကိုဗစ်ကြောင့် ကျနော်တို့ ပြည်သူပြည်သားတွေကြားမှာ အရေးတကြီး လိုအပ်နေတဲ့ အောက်ဆီဂျင်ကို မရရအောင် ဝယ်ယူဖို့ ချိတ်ဆက် ကြိုးပမ်းနေရလို့ပါ။ အခုတော့ အားလုံးအတွက် သတင်းကောင်း ပါးချင်ပါတယ်”
“ကျနော်နဲ့ ကိုကြည်သာဟန်တို့ စုပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ဒီ Dynamic Health Myanmar အနေနဲ့ 40 Liter Oxygen Cylinder နှင့် ဆက်စပ်ပစ္စည်း Set အလိုက်ကို Unit ပေါင်း အလုံး ၅၀၀ သယ်ယူလာဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ လာမယ့် ရက် ၂၀ အတွင်း ရန်ကုန်ရောက်ပါမယ်”လို့ Ah Boy က ဆိုပါတယ်။
ရောက်ရှိလာမယ့် အလုံးပေါင်း ၅၀၀ ထဲမှ အလုံးရေ ၁၀၀ ကို အရေးပေါ် အောက်ဆီဂျင် လိုအပ်နေတဲ့ လူနာများအတွက် အခမဲ့ ငှားရမ်းသွားမယ်လို့ သိရပါတယ်။
“အဆိုပါ အလုံးပေါင်း ၅၀၀ ထဲမှ အလုံးရေ ၁၀၀ (လှူဒါန်းတန်ဖိုးငွေ ကျပ် သိန်း ၄၀၀) ကို ကျနော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ DHM မှ လတ်တလော အရေးပေါ် အောက်ဆီဂျင် လိုအပ်နေတဲ့ လူနာများအား တအိမ်ကို ၇ ရက်ဖြင့် အလှည့်ကျ အခမဲ့ လိုက်လံငှားရမ်း အသုံးပြုခွင့် ပေးမှာပါ”
“ကျန်ရှိတဲ့ အလုံး ၄၀၀ ကိုတော့ ၁ အိုးလျှင် မိမိတို့ ဝယ်ယူတင်သွင်းခဲ့သော တန်ဖိုးငွေ ၃၉၉,၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးသွားမှာပါ။ ကျနော်တို့ဆီမှာ ဝယ်ယူပြီး လက်ကား ပြန်ဖြန့်ချင်သော စီးပွားရေးသမားများကိုတော့ လုံးဝ (လုံးဝ) ရောင်းမည် မဟုတ်ပါ”လို့ Ah Boy က ဆိုပါတယ်။
အဆိုပါ Oxygen Cylinder နှင့် ဆက်စပ်ပစ္စည်း Set အလိုက် Unit များအား တကယ် လိုအပ်နေသူများကိုသာ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

“မိမိ (သို့မဟုတ်) မိသားစုအတွက် တကယ် လိုအပ်နေသောသူများကိုသာ အဓိကထား ရောင်းချပေးသွားပါမယ်။ အားလုံး ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျနော်တို့ ဒီကာလကို အကောင်းဆုံး တယောက်နဲ့ တယောက် ဖေးမကူညီပြီး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြပါစို့”လို့ Ah boy က ပြောထားပါတယ်။
အဆိုတော် Ah Boy ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဇနီးဖြစ်သူ မြတ်ရတနာကျော်နဲ့အတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ “Support Local Business” ကမ်ပိန်း လုပ်ဆောင်ခဲ့ပါတယ်။
You may also like these stories:
စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် မြန်မာ ခရစ်ယာန်သာသနာပိုင် တိုက်တွန်း
နိုင်ငံတော်သြဝါဒ စရိယ ဈေးကုန်းဆရာတော် လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူ
ဘာသာရေးပရိဝုဏ်တွင် ခိုလှုံသူများကို ပစ်မှတ်မထားရန် ကက်သလစ်ဆရာတော်ကြီး မေတ္တာရပ်ခံ