သရုပ်ဆောင် ဥက္ကာမင်းမောင်ရဲ့ မိခင်ဖြစ်သူဟာ ရင်သား အကျိတ်ကင်ဆာ ဖြစ်ကြောင်း သိရပြီးပြီးချင်း ရင်သားတခြမ်း ခွဲထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
“အမေ့ရဲ့ ရင်သားက အကျိတ်က ကင်ဆာလို့ သိရပြီးပြီးချင်း ရင်သားကို ခွဲစိတ်မှု ပြုလုပ်ပြီး ရင်သား တခြမ်း ထုတ်ခဲ့လိုက်ရပါတယ်”
“ခွဲစိတ်မှုကို အစစအရာရာ ချောမွေ့စွာ ဆောင်ရွက်ပေးခဲ့တဲ့ ဗဟိုစည်ဆေးရုံမှ ခွဲစိတ်အထူးကု သမားတော်ကြီး ဒေါက်တာ ဦးထွန်းဦးနှင့်တကွ သူနာပြု ဆရာ၊ ဆရာမများအားလုံး၊ အမေ့ဘေးနား ပြုစု စောင့်ရှောက်ပေးကြသူများ အားလုံးရဲ့ ကျေးဇူးတရားကို ဦးထိပ်ထားပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
လက်ရှိမှာတော့ မိခင်ဖြစ်သူဟာ ဆေးရုံက ဆင်းပြီးနောက် အိမ်မှာပဲ နားနေပြီး၊ စောစောစီးစီး သိလိုက်ပြီး ခွဲထုတ်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုပါတယ်။
“အမေကတော့ ဆေးရုံက ဆင်းပြီး အခု အိမ်မှာပဲ နားနေပါတယ်။ အဖေ့တုန်းက ကင်ဆာကို အချိန်မီ မသိလိုက်တဲ့အတွက် အရမ်း နောက်ကျသွားပေမယ့် မေကြီးရဲ့ ရင်သားကင်ဆာက စောစောစီးစီး သိလိုက်ပြီး ဖယ်ထုတ်လိုက်ရတာ ကံကောင်းတယ်လို့ပဲ ခံယူပါတယ်”လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။
အခုလိုအချိန်မှာ မြန်မာပြည်ပြန်လာပြီး မိခင်ကို အနီးကပ်ပြုစု စောင့်ရှောက်ဖို့ မလွယ်တာကြောင့် အဝေးကနေပဲ စိတ်ပူ ဆုတောင်းပေးနေရတယ်လို့ ဥက္ကာမင်းမောင်က ဆိုပါတယ်။
“မေကြီးရေ သားတို့အတွက် အားတင်းထားပါ။ အခုလို အချိန်အခါမျိုးမှာ မအလကြောင့် မိသားစုအရေးလည်း ချက်ချင်း မြန်မာပြည်ပြန်လို့လည်း မရ၊ အနီးကပ်ပြုစု စောင့်ရှောက်လို့လည်း မရ၊ နိုင်ငံခြားထွက် ကုသဖို့ကလည်း ချက်ချင်း မလွယ်ကူ။ အစစအရာရာ အခက်အခဲပေါင်းများစွာ၊ မိသားစုတွေ ဝေးကွာ”
“ဒင်းတို့တွေလည်း ပြည်သူတွေရဲ့ သွေးချွေးတွေ စတေးပြီး မျက်ရည် ပေါက်ကြီးငယ် စိတ်ဆင်းရဲရတာတွေ အားလုံး မသေခင် ဝဋ်လည်ကြပါစေပဲ စိတ်က အကြိမ်ကြိမ် ဆုတောင်းနေမိတယ်။ အခုအချိန်မှာ အဝေးကနေ စိတ်ပူနေတာကလွဲပြီး မေကြီးရဲ့ ရောဂါ ပျောက်ကင်းပါစေပဲ ဆုတောင်းနေရပါတယ်။ Love you mom. Fighting”လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။
သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ လက်ရှိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်
စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်