သရုပ်ဆောင် ခိုင်နှင်းဝေက လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်နေတဲ့ အရေးပေါ်လူနာများအတွက် အောက်ဆီဂျင်အိုးများ စုပေါင်း လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။
“အောက်ဆီဂျင်အိုးတွေတော့ ရောက်လာပါပြီရှင်။ အရေးပေါ် လူနာများကို လှူပေးဖြစ်ခဲ့ပါတယ်။ ရှားပါးနေတဲ့အချိန် ဖြစ်တဲ့အတွက် လူစုံအောင် မလှူပေးနိုင်တာကိုလည်း နားလည်ပေးကြပါရှင်။ နောက်ထပ်လည်း လှူနိုင်အောင် ကျမ တတ်နိုင်သလောက် ကြိုးစားသွားပါမယ်”လို့ ခိုင်နှင်းဝေက ဆိုပါတယ်။
အရေးပေါ်လူနာများအတွက် ငွေကြေး တစုံတရာ ကောက်ခံခြင်း မရှိဘဲ အခမဲ့ လှူဒါန်းပေးနေတာလို့ သိရပါတယ်။

“အရေးပေါ် လူနာများအား ငွေကြေး တစုံတရာ ကောက်ခြင်း မရှိဘဲ လှူပေးပြီး၊ မိမိတို့ အသုံးပြုပြီးပါကလည်း တဆင့် လိုအပ်သူများအား ပြန်လည် လှူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။ လိုအပ်သူ များပြားလွန်းတာကြောင့် ဖုန်းမဖြေနိုင်တာလည်း နားလည်ပေးကြပါနော်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ခိုင်နှင်းဝေက သူကိုယ်တိုင် နေမကောင်းတာ တပတ်လောက် ရှိနေပြီဖြစ်ပေမယ့် လိုအပ်သူ မှန်သမျှကို လှူဒါန်းပေးနိုင်အောင် ကြိုးစားပေးနေတယ်လို့ ဆိုပါတယ်။

“ကျမ ကိုယ်တိုင်လည်း နေမကောင်းတာ တပတ်လောက် ရှိနေပြီး ကျမအတွက် မချန်ထားဘဲ လှူပေးနေပါတယ်။ တကယ် လိုအပ်မှသာ အကူအညီ တောင်းမယ်၊ မဆောင်ထားဘူးဆိုတဲ့ အသိနဲ့ပါ။ ကျမနဲ့အတူ ပါဝင် လှူဒါန်းပေးကြသော ၇ ရက် သားသမီး အလှူရှင်များအားလုံး ကုသိုလ်ထပ်တူ ရကြ၍ ပီတိဖြစ်နိုင်ကြပါစေရှင်”
“နေမကောင်းပေမယ့် ကြိုးစားထားပါတယ်ရှင်။ လိုအပ်သူ မှန်သမျှကိုလည်း လှူပေးချင်ပါတယ်။ လိုအပ်ချက်များ ရှိရင်လည်း နားလည်ပေးကြပါရှင်”လို့ ခိုင်နှင်းဝေက ပြောထားပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ “ခိုင်နှင်းဝေ ပရဟိတအသင်း”မှ (40)L အောက်ဆီဂျင်အိုးကြီး အလုံး (၅၀)၊ 10L အောက်ဆီဂျင်အိုး အလုံး (၁၀၀) ခန့် မှာယူထားပြီး လိုအပ်နေသူများအတွက် စုပေါင်းကာ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ် တတိယလှိုင်းကို ဂရုစိုက် ကာကွယ်ကြဖို့ ဒေါင်း ပြော
အောက်ဆီဂျင် လိုအပ်တဲ့ နေရာတွေအတွက် သိန်း ၁၀၀ လှူဒါန်းမယ့် ဟန်ဇော်လတ်
စွန့်ပစ်ခံ ၄ လသားအရွယ် ကလေးကို ခေါ်ယူ မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ