အဆိုတော် အမွန်းက ပြီးခဲ့တဲ့ ဇွန်လအတွင်း ကိုယ်တိုင် COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ အနံ့ပျောက်၊ ခံတွင်းပျက်ခဲ့တာကြောင့် အခုကာလမှာ အစားဝင်အောင် ကြိုးစားနေရသူများကို အစားအစာများ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“အမွန်းကိုယ်တိုင် ပြီးခဲ့တဲ့ ဇွန်လက ကိုဗစ် ထိခဲ့ပါတယ်။ ၁၀ ရက်မြောက်မှာ စစ်ကြည့်တော့ Negative ပြန်ဖြစ်ခဲ့ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တာကို ဝေမျှရရင် အချိန်ပြည့် အရမ်းနုံးတယ်။ အနံ့ပျောက်တယ်။ ပထမ ၂ ရက် အဖျားရှိတယ်”
“အဆစ်အမြစ်တွေ၊ ကြွက်သားတွေ ကိုက်ခဲတယ်။ ပါရာ သောက်တယ်။ ဗီတာမင်စီ ရသမျှ စားတယ်။ ရေအများကြီး သောက်တယ်။ ပြတင်းပေါက်ဖွင့်၊ နေပူစာ လှုံတယ်။ စိတ်ကျဉ်းကျပ်တိုင်း သဘာဝလေ ရှူပေးတယ်။ အစားဝင်အောင် စားပေးတယ်”
“အားလုံးသိကြတဲ့အတိုင်း အနံ့မရတော့ ခံတွင်းပျက်ပြီး စားချင်စိတ် မရှိတော့ပါ။ ဒါပေမဲ့ ကြိုးစားပြီး မျိုကျအောင် စားခဲ့ပါတယ်။ ဒါကြောင့် အခုချိန်မှာ ချက်ဖို့လည်း အားမရှိ၊ မှာဖို့ခက်ခဲ၊ အစားဝင်အောင်လည်း မနည်းကြိုးစားနေရတဲ့သူများကို ငါးကြင်းပေါင်း၊ ကြက်ပြုတ်ရည်နဲ့ ကြက်ဥပြုတ် ၅ လုံးစီ အသင့်ချက်ပြီး အိမ်ပေါက်ဝအရောက် ပို့ပေးပါရစေ”လို့ အမွန်းက ဆိုပါတယ်။
တနိုင်တပိုင် အလှူဖြစ်တာကြောင့် အရင်ဆုံး အိမ်လိပ်စာ ၅၀ ကို ပို့ဆောင်ပေးမှာဖြစ်ပြီး၊ လာမယ့် စနေနေ့မှာ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
“တနိုင်မို့ အိမ်လိပ်စာ ၅၀ ကို အရင်ပို့ပေးမှာ ဖြစ်ပါတယ်။ ပိုပြီး ပို့နိုင်အောင် ကြိုးစားသွားပါမယ်။ လာမယ့် စနေနေ့ လိုက်ပို့မှာပါ”
“အထူးကျေးဇူးတင်လွှာ – ငါးကြင်းပေါင်းနဲ့ ကြက်ပြုတ်ရည် အော်ဒါမှာဖို့ ချစ်ခင် လေးစားရပါသော အစ်မ အေးသီတာကို ဆက်သွယ်တော့ ကြက်ပြုတ်ရည်နဲ့ ကြက်ဥက အစ်မ ဒါနပြုမယ်တဲ့။ Delivery အတွက်လည်း တာဝန်ယူပေးတယ်။ တကယ် ကျေးဇူးတင်ရပါတယ် အစ်မရေ။ အစ်မနဲ့ မိသားစု ကောင်းချီး မင်္ဂလာများစွာ ရရှိခံစားရပါစေ”လို့ အမွန်းက ပြောပါတယ်။
ဆက်လက်ပြီး အမွန်းက ကွယ်လွန်သွားသူများအတွက် စိတ်ထိခိုက်မိတယ်လို့ ဆိုပြီး၊ အသက်အရွယ် အရမ်းမကြီးသေးရင် ကိုဗစ်ကို မကြောက်ဖို့ အခုလိုပဲ အားပေးထားပါတယ်။
“ကြွေလွင့်သွားတဲ့သူများရဲ့ မိသားစုများအတွက် အရမ်းစိတ်ထိခိုက်မိပါတယ်။ အကယ်လို့ Underlying condition မရှိဘူး၊ အသက်အရွယ် အရမ်းမကြီးသေးဘူးဆိုရင် ကိုဗစ် ထိတာကို မကြောက်ပါနဲ့။ ပြန်နာလံထရင် အသားကုန် စားလွန်းလို့ ကိုယ့်ကိုယ်ကိုယ် တားယူရပါတယ်”
“ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ အားပေးခြင်းပါ။ နေမကောင်းတဲ့သူများအားလုံး အမြန်ပြန်လည် လန်းဆန်း ကျန်းမာလာကြပါစေ”လို့ အဆိုတော် အမွန်းက ပြောထားပါတယ်။
You may also like these stories:
ကိုဗစ် တတိယလှိုင်းကို ဂရုစိုက် ကာကွယ်ကြဖို့ ဒေါင်း ပြော
“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော