“ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းကို သွားသွားလာလာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တံခါးပေါက်တောင် မရပ်ရတဲ့ ကျမ အိမ်ထဲမှာ နေရင်းနဲ့ပဲ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီနေ့ဆိုရင် (၁၃) ရက်မြောက်ခဲ့ပါပြီ။ ပထမ ၃ ရက် ခေါင်းအုံ ခေါင်းကိုက်ပါတယ်”
“ရေချိုးကြာလို့ အအေးမိတယ်လို့ပဲ မှတ်ယူမိရင်း ဘိုင်အိုဂျက်ဆစ်နဲ့ မြန်မာဆေးသောက်၊ ချွေးလေးထွက် သက်သာသလိုဖြစ်နဲ့ နေရင်းကနေ အရသာ စပျက်ပါတယ်။ အနံ့မရနေတာကိုလည်း သတိမထားမိပါဘူး။ နေ့လယ် ထမင်းစားတော့ ငန်ကျွိနေတာပဲ သိတယ်။ ငပိထောင်းကို နမ်းကြည့်ပြီး အနံ့မရတာကိုလည်း သတိမထားမိသေးပါဘူး”
“ညနေ ရေမိုးချိုး ရေမွှေးဆွတ်တော့မှပဲ ရေမွှေးနံ့ တအိမ်လုံး ရတယ်။ ကိုယ်တယောက်တည်း မရတာပါ။ အဲ့တော့မှ တအိမ်လုံး လန့်ဖြန့်ပြီး ကိုယ်လည်း အခန်းတံခါးပိတ် Home Q ရပါတော့တယ်။ နောက်တော့ ကိုယ့်ကိစ္စ ကူလုပ်ပေးရတဲ့ ညီမက ၂ ရက်နေတော့ စဖျားပါတယ်။ ဒါနဲ့ အခန်းခွဲနေကြတယ်ပေါ့နော်”လို့ အဆိုတော် ကော်နီက ဆိုပါတယ်။
ကော်နီက စဖြစ်တဲ့ရက်တွေမှာ ကိုယ်ခံအား နည်းနေတာကြောင့် ကိုယ်ခံအားကျချိန်မှာ ရောဂါ ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
“စဖြစ်ရတာကတော့ အဲ့ရက်တွေမှာ ကိုယ်က အိပ်ရေးပျက်ပျက်ပြီး အိပ်ရေးမပြည့်နေတာပါ။ အဲ့ဒီတော့ ကိုယ်ခံအား ကျသွားတဲ့အချိန် ဒီကောင်က အခွင့်အရေး စောင့်နေပုံရပါတယ်။ ငါအရမ်းဝနေလို့ဆိုပြီး ညစာလည်း နည်းနည်း လျှော့စားနေတာ တပတ်လားပဲ ရှိနေသေးချိန်လည်း ဖြစ်ပါတယ်။ နောက်ညီမက ဥပုသ်စောင့် အဓိဋ္ဌာန်ဝင်နေသူပါ။ ဒီတော့ သူလည်း ကိုယ်ခံအား နည်းနေသူပါ”
“ပြောချင်တာက ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးတာရယ်၊ အိပ်ရေး လုံးဝ မပျက်စေဖို့ အလွန်အရေးကြီးပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့က အလွန် အရေးကြီးပါတယ်။ ကိုဗစ်နဲ့တော့ ငါအသေမခံဘူးဆိုတဲ့ စိတ်ကို ထည့်ထားပါတယ်။ စိတ်ပူပင်မှုတွေ၊ စိုးထိတ်မှုတွေက ကိုယ်ခံအားကို မသိမသာလေး လျှော့နေစေနိုင်တယ်လို့ ထင်ပါတယ်”လို့ ကော်နီက ပြောပါတယ်။
လက်ရှိမှာတော့ ကော်နီဟာ ကျန်းမာအောင် အားဆေးတွေသောက်၊ အစားတွေ ပုံမှန်စားပြီး၊ သတိရတိုင်း အသက်ရှု လေ့ကျင့်ခန်း လုပ်တယ်လို့ ဆိုပါတယ်။
“အခုတော့ အားဆေးတွေ လှိမ့်သောက်၊ အစာကို မစားချင်လည်း လှိမ့်စားနေပါတယ်။ မကော် အနံ့အရသာ ပျောက်တာ ၈ ရက်နီးပါး ကြာသွားတယ်။ အတူဖြစ်တဲ့ ညီမက ၄ ရက်နဲ့ အနံ့အရသာ ပြန်ရပါတယ်။ မကော် အခန်းထဲမှာ တယောက်တည်း အသက်ရှု လေ့ကျင့်ခန်း လုပ်တယ်။ သတိရတိုင်း အသက်ရှုထုတ် လုပ်တယ်။ မှောက်လည်း မှောက်အိပ်ပါတယ်”
“အလုပ်ကို ပုံမှန်လုပ်တယ် လူက မလှုပ်ချင်ပေမယ့် ဝတ်ထားတဲ့ အဝတ်ကို ရအောင် လျှော်တယ်။ စားတဲ့ ပန်းကန်ခွက်တွေ ဆေးတယ်။ အခန်းသန့်ရှင်းရေး လုပ်တယ်။ ရေကို မနက်ပိုင်း ချိုးတယ်။ အခန်းတံခါးတွေ အကုန် ဖွင့်တယ်။ ဖျန်းဆေးကို ကိုယ်နဲ့ ထိမိတဲ့နေရာ၊ အိပ်ရာ ရေချိုးခန်းကို တောက်လျှောက် ဖျန်းတယ်။ နေရောင်ရတဲ့ နေရာမှာ နေပါတယ်”
“အစာစားပြီး နေရာ မရှိတာကိုတောင် ဘုရားစာဆိုရင်း ရအောင် လမ်းလျှောက်ပါတယ်။ မနက် မိုးလင်းတာနဲ့ ဘုရားစာဖွင့်၊ တရားနာရင်း ပြုနေကျ အလုပ်တွေ လုပ်တယ်။ နေ့လယ်ဆို သီချင်းလေး ခဏဖွင့်ပြီး စိတ်ကို ရအောင် ပြောင်းရပါတယ်”လို့ ကော်နီက ပြောပါတယ်။
ကော်နီက အနံ့အရသာ ကောင်းသွားပြီ ဖြစ်ပေမယ့် ရောဂါအခံရှိသူများ စိတ်ရောလူပါ ကျန်းမာအောင် နေကြဖို့ အခုလိုပဲ တိုက်တွန်းထားပါတယ်။
“ဖုန်းကြာကြာ ကြည့်ရင်တော့ မူးပါတယ်။ လှုပ်ရှားတာများရင်တော့ မောနေပါသေးတယ်နော်။ အနံ့အရသာ ကောင်းသွားပြီ ဖြစ်ပေမယ့် နောက်ကျောထဲက နည်းနည်း အောင့်ပါတယ်။ ရေနွေးအိတ်လေး ကပ်တော့ သက်သာပါတယ်။ ရောဂါအခံရှိသူများ အခုကတည်းက စိတ်ရောလူပါ ကျန်းမာအောင် နေကြပါ”
“တကိုယ်ရေ သန့်ရှင်းမှု ရှိပါ။ အိမ်တွင်းအိမ်ပြင် သန့်ရှင်းမှု အထူးဂရုစိုက်ကြပါ။ အားရှိစာတွေ ဆိုတာ အသားမှ မဟုတ်ပါဘူးနော်။ မကော်က ခြေလေးချောင်းသား မစားပါဘူးနော်။ အသီးအနှံ အစရှိသဖြင့် အားရှိအောင် စားမယ်။ နေထိုင်နည်း ဗဟုသုတလေးတွေ ရှာဖွေလေ့လာမယ်”
“အားတဲ့အချိန် ဘုရားရှိခိုး တရားထိုင်မယ်။ မေတ္တာပို့ပါတယ်။ ကျမချစ်တဲ့ ပြည်သူလူထုအတွက် နေ့စဉ်မေတ္တာပို့ ဆုတောင်းနေလျက်ပါ။ နေကောင်းအောင် နေကြပါ ချစ်ရသူတို့။ ပြည်သူအချင်းချင်း ကူညီရိုင်းပင်းကြရမယ့် အချိန်ပါ။ Fighting ပါ”လို့ အဆိုတော် ကော်နီက ပြောထားပါတယ်။
You may also like these stories:
ကိုဗစ် တတိယလှိုင်းကို ဂရုစိုက် ကာကွယ်ကြဖို့ ဒေါင်း ပြော
“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော