COVID-19 ရောဂါကြောင့် ပြည်သူတွေ ဒုက္ခများစွာ ကြုံတွေ့နေရချိန်မှာ ကျန်းမာရေးအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး စီးပွားမရှာကြဖို့ အလင်းရောင်က ပြောပါတယ်။
“အခုလို COVID-19 ကြောင့် ပြည်သူတွေ ဒုက္ခများစွာ ကြုံတွေ့နေရချိန်မှာ သူတပါးရဲ့ အသက်တချောင်းနဲ့ ကျန်းမာရေးအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး စီးပွားရှာတာမျိုး လုံးဝ ရှောင်ရှားပေးကြပါ ခင်ဗျာ”
“အခုလိုအချိန်မှာ ကိုယ်ချင်းစာစိတ်လေးတွေ ကိုယ်တိုင် မွေးမြူရင်းနဲ့ ဒုက္ခရောက်နေသူတွေရဲ့ အပူမီးတွေ ပြေလျော့စေဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဝိုင်းဝန်းငြိမ်းသတ်ကြမယ်နော်”လို့ အလင်းရောင်က ပြောပါတယ်။
ဆက်လက်ပြီး အလင်းရောင်က ပြည်သူအချင်းချင်း ဖေးမ ကူညီကြဖို့ အခုလိုပဲ ဆိုပါတယ်။
“ကိုယ့်ပြည်သူ အချင်းချင်း ဖေးမ ကူညီရင်း ရလာမယ့် ပီတိနဲ့ ကုသိုလ်က တန်ဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ။ အားလုံးပဲ ကိုဗစ်ဘေးက ဝေးနိုင်ကြပါစေ”လို့ အလင်းရောင်က ပြောပါတယ်။
အလင်းရောင်ဟာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပြီး၊ လက်ရှိ ရောက်နေတဲ့ နေရာမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်နေတယ်လို့ ဆိုပါတယ်။
“ရောက်နေတဲ့ နေရာမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်နေပါတယ်။ ကျန်းမာရေး ဂရုစိုက်ကြပါနော်။ အားလုံးကို သတိရနေပါတယ်”လို့ အလင်းရောင်က ပြောထားပါတယ်။
သရုပ်ဆောင် အလင်းရောင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။