ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့တဲ့ သရုပ်ဆောင် ဖွေးဖွေးဟာ ကိုဗစ်နဲ့ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်တဲ့သူ အားလုံးက အာဇာနည်တွေပဲလို့ ဆိုပါတယ်။
“ကိုယ့်လူတွေ R.I.P (Rest in peace) ဖြစ်နေကြရပြီ။ ကိုယ်လည်း ဖြစ်သွားနိုင်တာပဲမို့ လောကကြီးက ဘာတွေဖြစ်နေမှန်း စဉ်းစားရင်း ခေါင်းရှုပ်လာပေမယ့် ချစ်တယ်။ ပြန်ဆုံကြမယ်။ စိတ်မလျှော့လိုက်ကြနဲ့နော်”
“အရာအာလုံးကို စိတ်တူသူတွေ အားလုံး အတူတူ ရင်ဆိုင်ကြမယ်။ ဘာပဲဖြစ်ဖြစ် ပြန်ဆုံကြရမယ်လို့ တွေးထားပေးပါ။ (ကိုဗစ် + အာဏာသိမ်းမှု) ကို ကြံ့ကြံ့ခံနိုင်တဲ့သူ အားလုံးဟာ အာဇာနည်တွေပါပဲ”လို့ ဖွေးဖွေးက ဆိုပါတယ်။

ဖွေးဖွေးဟာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ ဧပြီလကတည်းက မိသားစုလိုက် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“ဧပြီ ၃ ရက်နေ့ကတည်းက အိမ်ကို ရဲတွေ ဝင်ဖမ်းဖို့ ကြိုးစားတော့ မိသားစုလိုက် ပြေးနေရတာပါ။ နားလည်ပေးပါ။ ပစ်ထားတာ မဟုတ်ရပါဘူးကွယ်”လို့ ဖွေးဖွေးက ပရိသတ်တွေကို ပြောထားပါတယ်။
ဒါ့အပြင် ဖွေးဖွေးဟာ ဧပြီလအတွင်းကလည်း ပြည်သူတယောက်အနေနဲ့ ပြောသင့်ပြောထိုက်တာတွေ ပြောခဲ့ရလို့ ဘယ်တော့မှ နောင်တမရဘူးလို့ ဆိုပါတယ်။

“လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာတွေ ပြောခဲ့ရလို့ ပြည်သူတယောက်အနေနဲ့ ဘယ်တော့မှ နောင်တ မရပါဘူး။ ကိုယ့်ခံယူချက်၊ ပြည်သူ့အမှန်တရားကို တသားတည်း အမြဲ သစ္စာရှိသွားပါဦးမယ်။ နေ့တိုင်း ဆုတောင်းပေးပါ့မယ်။ အားလုံး ဂရုစိုက်ကြပါရှင်”လို့ ဖွေးဖွေးက ပြောထားပါတယ်။
ပြည်သူ့အချစ်တော် အကယ်ဒမီ ဖွေးဖွေးဟာ စစ်အာဏာရှင်ကို ပြည်သူနဲ့အတူ တသားတည်း ဆန့်ကျင် ဆန္ဒဖော်ထုတ်နေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် အနုပညာရှင်များရဲ့ ဆုတောင်းစကား
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး