“The Model Academy” Season 3 မှ မော်ဒယ် ဒီးရဲ့ မိဘနှစ်ဦးစလုံး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ ဖခင်က ရောဂါ ပြန်လည် သက်သာသလို၊ မိခင်လည်း ပြန်လည် ကျန်းမာလာတဲ့အကြောင်း ဒီးက အခုလိုပဲ မျှဝေထားပါတယ်။
“အားတက်လို့ရော၊ အားတက်အောင်ရော ပြောပြချင်လို့ပါ။ ဒီနေ့က အဖေ့ရဲ့၁၅ ရက်မြောက် ကိုဗစ် Negative ပြပြီး၊ အမေက ၁၁ ရက်မြောက် အနံ့ပြန်ရ လူလည်း လန်းလာတဲ့ အခြေအနေပါ။ ဒီးပါ Positive ဖြစ်ရင် အိမ်မှာ အလံဖြူ၊ အလံဝါလေး ချိတ်ထားဖို့အထိပါ လုပ်ထားခဲ့တာပါ”လို့ ဒီးက ဆိုပါတယ်။
ဖခင်မှာ သွေးတိုးနဲ့ အစာအိမ်ရောဂါ ရှိပေမယ့် မိခင်က သွေးပေါင်ကျတတ်တာက လွဲပြီး ရောဂါအခံ မရှိဘူးလို့ ဆိုပါတယ်။
“အဖေက ၆၂ နှစ်၊ အမေက ၆၁ နှစ်။ အဖေ့မှာ သွေးတိုး၊ အစာအိမ်ရောဂါ ရှိတဲ့လူပါ။ အမေ့ကိုတော့ ကျေးဇူးတင်ရမယ်။ သွေးပေါင်ချိန် ကျတတ်တာက လွဲရင် ရောဂါအခံ မရှိလို့။ အဖေ စဖြစ်ပြီး ၃ ရက်မြောက်က အောက်ဆီဂျင်ကျလို့ အောက်ဆီဂျင် မနည်း လိုက်ရှာလိုက်ရတယ်”
“ကူညီပေးကြလို့ ၁၅ လီတာ အိုးလေး ရခဲ့တယ်။ Prone Position ထားတယ်။ ရေနွေးငွေ့ ရှူတယ်။ ပြန်တက်လာလို့ အောက်ဆီဂျင်ကို မရှူခိုင်းဘဲ ထားခဲ့တယ်။ အသက်ရှူ လေ့ကျင့်ခန်းကတော့ ပုံမှန်လုပ်တယ်”လို့ ဒီးက ပြောပါတယ်။

မိဘနှစ်ပါးစလုံး ရောဂါခံစားနေရချိန်မှာ ဖုန်းမသုံးခိုင်းဘဲ အောက်ဆီဂျင် မကျအောင်နဲ့ ကိုယ်ခံအား ပြည့်အောင် ဂရုစိုက်ပေးတယ်လို့ ဒီးက ဆိုပါတယ်။
“အဖေက အရင်ကတည်းက အိပ်ရာနိုးရင် ဆန်ပြုတ်၊ ညမိုးချုပ် ဆန်ပြုတ်စားတဲ့ အကျင့်ရှိတော့ အစာ ပုံမှန်စားတယ်၊ ဝင်တယ်။ ဆေးလည်း ပုံမှန်သောက်တယ်။ ပြောတဲ့အတိုင်း အကုန်လုပ်တယ်။ နှစ်ယောက်လုံးကို လုံးဝ ဖုန်းမကြည့်ခိုင်းဘူး။ စိတ်က အဓိကပဲမို့လို့ ဆုံးသွားတဲ့ သတင်းတွေကအစ ပေးမသိဘူး”
“အဖေက ၁၀ မြောက်နေ့မှာ သွေးတိုးတာကလွဲရင် လူကောင်းအတိုင်း ပြန်ဖြစ်သွားတယ်။ အမေကတော့ အစာ မစားချင်ဘူး။ စိတ်ဆိုးလည်း အဆိုးခံပြီး ညီအစ်မတွေ ပြောကျွေးရတယ်။ အောက်ဆီဂျင်ကျလို့ အမေရေ ဒီနှစ်ည သုံးည သည်းခံပြီး မှောက်အိပ်ပေးနော် ပြောပြီး မှောက်အိပ်ခိုင်းတယ်”လို့ ဒီးက ပြောပါတယ်။

ဆက်လက်ပြီး ဒီးက မိဘနှစ်ပါးစလုံး နေပြန်ကောင်းလို့ စိတ်တဝက် သက်သာသွားပြီး၊ ကျန်တဲ့ အစ်ကို၊ အစ်မတွေ ရောဂါမပျောက်သေးလို့ ဆက်တိုက်ရဦးမယ်လို့ ဆိုပါတယ်။
“မစားချင်လည်း စားပေးတယ်။ မနေ့က အနံ့ပြန်ရပြီး အောက်ဆီဂျင် ပြန်မကျတော့ဘဲ ၉၅-၉၆ တက်တယ်။ ကျေးဇူးလည်း အများကြီး တင်ပါတယ်။ အားမပျော့ဘဲ နေပြန်ကောင်းပေးကြလို့။ အခုတော့ စိတ်တဝက် သက်သာသွားပါပြီ။ ကျန်တဲ့ အစ်မတွေ၊ အစ်ကို ညီမတွေကတော့ မပျောက်သေးဘူး။ ဆက်တိုက်ရဦးမယ်။ Fighting”လို့ ဒီးက ပြောထားပါတယ်။
မော်ဒယ် ဒီးဟာ “The Model Academy” Season 3 ပြိုင်ပွဲမှာ 1st Runner Up ဆု ရရှိခဲ့တဲ့ မော်ဒယ် တဦး ဖြစ်ပါတယ်။
You may also like these stories:
ရန်ကုန်မြို့မှ သုသာန်များ ရုပ်အလောင်းများ ပုံနေ
ကိုဗစ်ပိုး ရှိမရှိ Test Kits ဖြင့် စစ်ဆေးခြင်းသည် အဖြေမမှန်နိုင်ဟု ဆရာဝန်များပြော