အဆိုတော် တင်ဇာမော်ဟာ COVID-19 ရောဂါ ကူးစက်ခံထားရတာ ၃ ရက်ရှိပြီဖြစ်ပြီး၊ သူ့ရဲ့မိခင်က ရောဂါ ကူးစက်ခံထားရတာ ၇ ရက် ရှိပြီလို့ သိရပါတယ်။
“ဒီနေ့ တနေကုန် မနက်ကနေ ညနေထိ တောက်လျှောက် မနားတမ်း မေမေ့အတွက် လုပ်စရာတွေ လုပ်နေရင်းက တီတီခိုင့် (ဒေါ်ခိုင်ခိုင်လေး) သတင်း ကြားတော့ ခဏလောက်တော့ ထိုင်ချလိုက်ရတယ်”
“ညနေ ရောက်တော့ ကိုယ့်ဖာသာ ဝယ်ထားတဲ့ Test kit ကို သုံးပြီး ဆရာမလေး တယောက်ကို အကူအညီတောင်း နှာခေါင်းနှိုက်ပြီး စစ်တော့ ကျမဆီ ဧည့်သည် ရောက်နေပါရောလား”

“မေမေက ၇ ရက်၊ ကျမက ၃ ရက်။ မေမေ အမြန်ဆုံး သက်သာပါစေ။ မေမေ့အတွက် အောက်ဆီဂျင် တတ်နိုင်သမျှ ကူညီပေးကြတဲ့ မိတ်ဆွေများရော၊ ကူညီကြတဲ့ မိတ်ဆွေများရော အားလုံးကို ကျေးဇူး အထူး အထူးတင်ပါတယ်ရှင်”လို့ တင်ဇာမော်က ပြောပါတယ်။
တင်ဇာမော်ဟာ ကွယ်လွန်သူ ဒေါ်ခိုင်ခိုင်လေးအတွက်လည်း ဝမ်းနည်းစကား ဆိုထားပါတယ်။
“နှုတ်ဆက်ပါတယ် တီတီခိုင် (ဒေါ်ခိုင်ခိုင်လေး) ကောင်းရာဘုံမှာ အေးချမ်းပါစေ”လို့ တင်ဇာမော်က စိတ်မကောင်းစွာ ဆိုပါတယ်။

အဆိုတော် တင်ဇာမော်ဟာ ပြီးခဲ့တဲ့နှစ် ကိုဗစ် ဒုတိယလှိုင်းမှာတုန်းက တေးရေး ထိန်လင်း ရေးသားခဲ့တဲ့ “အားတင်းထား ရန်ကုန်”ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။
အဲဒီ သီချင်းကိုတော့ COVID-19 ရောဂါကြောင့် Stay at home နေရချိန်မှာ အားမလျှော့ဘဲ ကျော်ဖြတ်နိုင်ဖို့ ဖန်တီး သီဆိုခဲ့တာ ဖြစ်ပါတယ်။