ဇူလိုင်လ ၂၀ ရက်နေ့က ဖာပွန်တိုက်ပွဲအတွင်း သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ညာဘက်ပေါင် ကျည်ဖောက်ဝင်ဆိုတဲ့ ကောလာဟလသတင်း Facebook မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဆိုပါ သတင်းက မဟုတ်မှန်ကြောင်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မင်းမော်ကွန်းရဲ့ မိတ်ဆွေတဦးက အခုလိုပဲ ဖြေရှင်းထားပါတယ်။
“ကိုကျော် (ခ) မင်းမော်ကွန်း ပေါင်မှာ ကျည်ဖောက်ဝင်တဲ့ သတင်း သတင်းအမှားပါ”

“တော်လှန်ရေးထဲမှာ ဆုံတွေ့ကြပေမယ့် ကျနော့်အတွက် အစ်ကိုအရင်း တယောက် ရသလို ချစ်ခင်ရ၊ လေးစားရတဲ့ ကိုကျော်က ဘေးကင်းလုံခြုံစွာဖြင့် လွတ်မြောက်နယ်မြေ တနေရာမှာ တော်လှန်ရေးအတွက် အလုပ်တွေ ကြိုးကြိုးစားစား ဆက်လုပ်နေတာပါ”

“လူသိများချင်ရင်လည်း တခြား အရာတွေကို တင်ကြပါ။ နာမည်ကြီးသူတွေရဲ့ သတင်းအတုတွေနဲ့ လျှောက်မဖွကြပါနဲ့။ မယုံမှာကြမှာစိုးလို့ လွတ်မြောက်နယ်မြေက ပုံအသစ်တွေ ဖော်ပြပေးလိုက်တာပါ”လို့ “AAC မဟာမိတ်အဖွဲ့”မှ ရဲမင်း (AAC) က ပြောထားပါတယ်။
မင်းမော်ကွန်းကလည်း “ဘယ်ပေါင်မှ မထိပါဘူး။ မဟုတ်တာတွေ မတင်ကြပါနဲ့”လို့ ပြန်လည် ဖြေရှင်းထားပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်းဟာ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား တွန်းလှန် ဆန့်ကျင်နေတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။