ဆရာဝန်တဦး ဖြစ်တဲ့ သရုပ်ဆောင် ပိုးမမှီသာက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူမှုကွန်ရက်မှာ မျှဝေ ရေးသားပေးနေပြီး၊ ကိုဗစ်ကြောင့် ဖျားရင် ရေချိုးလို့ ဗိုင်းရပ်စ်က အဆုတ်ကို ရောက်ပြီး နမိုးနီးယား ဝင်တယ်ဆိုတာ မဟုတ်ဘူးလို့ ရှင်းပြထားပါတယ်။
“ဖျားရင် ရေချိုးလို့ ဗိုင်းရပ်စ်က အဆုတ်ကို ရောက်ပြီး Pneumonia (နမိုးနီးယား) ဝင်တယ်ဆိုတာ မဟုတ်ရပါဘူး။ ကိုဗစ်ကြောင့် အဆုတ် ထိခိုက်ရတယ်ဆိုတာ Covid virus က စဝင်ကတည်းက အသက်ရှူလမ်းကြောင်းကနေတဆင့် ဝင်ရောက်ပြီး အဆုတ်ကို သွားတိုက်ခိုက်တဲ့အတွက် Viral Pneumonia ဖြစ်စေပါတယ်”
“အရမ်းမပြင်းထန်တဲ့သူတွေမှာ နမိုးနီးယား လက္ခဏာဟာ မသိသာဘဲ ဖျားတာ အနံ့ပျောက်တာတွေနဲ့ ပြီးသွားပေမယ့် ပြင်းထန်တဲ့သူတွေမှာတော့ မောတာ၊ အောက်ဆီဂျင် ကျတာကို ခံစားကြရပါတယ်”
“အဲ့လို ခံစားရခြင်းကလည်း ရောဂါပြင်းထန်မှုကြောင့်သာဖြစ်ပြီး ရေချိုးလိုက်မှ ဗိုင်းရပ်စ်က အဆုတ်ကို ရောက်သွားတာမျိုး မဟုတ်ဘဲ Covid virus ရဲ့သဘောကိုက အဆုတ်ကို ထိခိုက်စေလို့ အောက်ဆီဂျင် ကျစေတာပဲ ဖြစ်ပါတယ်”လို့ ပိုးမမှီသာက ဆိုပါတယ်။
ကိုဗစ် သက်သာလာစဉ်မှာ Secondary Bacterial Infection ကြောင့် နမိုးနီးယား ပိုဆိုးလာပြီး ရောဂါပိုပြင်းထန်လာတာမျိုးလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
“ကိုဗစ် သက်သာလာစဉ်မှာ Secondary Bacterial Infection ကြောင့် နမိုးနီးယား ပိုဆိုးလာပြီး ရောဂါပိုပြင်းထန်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါသည်လည်း ရေချိုးလို့ မဟုတ်ဘဲ ဗိုင်းရပ်စ် ဝင်ပြီးမှ ဘက်တီးရီးယားကပါ ထပ်ဝင်ပြီး အဆုတ်ရောင်ခြင်းကို ပိုဆိုးလာစေတာကြာင့်ပဲ ဖြစ်ပါတယ်”
“ဒါတောင် လူတိုင်း Secondary Bacterial Infection ဝင်တတ်တာတော့ မဟုတ်ပါဘူး။ ဆေးရုံမှာ လူနာတွေ အဖျားကြီးရင် ကိုယ်က အပူတွေလျော့အောင် Tepid Sponging (ရေပတ်တိုက်) ပေးလေ့ ရှိပါတယ်။ ဒါကြောင့် ဖျားနေတဲ့အခါမှာလည်း ရေနွေးလေးနဲ့ဖြစ်ဖြစ် ရေချိုးပေးလို့ ရပါတယ်။ လူကောင်းလိုတော့ ရေစိမ်ပြီး အကြာကြီးချိုးလို့တော့ ဘယ်ဖြစ်ပါ့မလဲ”လို့ ပိုးမမှီသာက ပြောပါတယ်။
ဆက်လက်ပြီး ပိုးမမှီသာက အောက်ဆီဂျင်ပိုက် တပ်ထားရပြီး ဖြုတ်လိုက်တာနဲ့ အန္တရာယ်ရှိနိုင်တဲ့ လူနာမျိုးဆိုရင် ခုတင်ပေါ်မှာပဲ အောက်ဆီဂျင်တပ်လျက် ရေပတ် တိုက်ပေးသင့်တယ်လို့ ဆိုပါတယ်။
“အောက်ဆီဂျင်ပိုက် ဖြုတ်လိုက်တာနဲ့ အောက်ဆီဂျင် ထိုးကျနေတဲ့လူနာ၊ အောက်ဆီဂျင် မပါဘဲ မနေနိုင်တဲ့လူနာ၊ လှုပ်လှုပ်ရှားရှား လုပ်တာနဲ့ အောက်ဆီဂျင် ကျသွားစေနိုင်တဲ့လူနာ ဆိုရင်တော့ ခေတ္တ အောက်ဆီဂျင် ဖြုတ်လိုက်တာနဲ့တင် အန္တရာယ်ရှိတဲ့အတွက် ခုတင်ပေါ်က ဆင်းဖို့တောင် အားမပေးတာကြောင့် တကူးတက ရေသွားချိုးဖို့ မသင့်ပါဘူး”
“သို့သော် ခုတင်ပေါ်မှာဘဲ အောက်ဆီဂျင် တပ်လျက် ရေပတ်လေး တိုက်ပေး တကိုယ်ရေ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။ အမြန်ဆုံး နေကောင်း ကျန်းမာကြပါစေ”လို့ ပိုးမမှီသာက ပြောထားပါတယ်။
သရုပ်ဆောင် ပိုးမမှီသာဟာ ကိုဗစ် ပထမလှိုင်းကတည်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေ ရေးသားပေးနေတာဖြစ်ပြီး၊ House Officer အနေနဲ့လည်း ဆေးကုသမှု အလုပ်တွေ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ရောဂါ ပျောက်ကင်းပြီ
အိမ် ၆၀ စာ “အာဟာရဒါန လက်ဆောင်” ပေးမယ့် အဆိုတော် မိစန္ဒီ