သရုပ်ဆောင် ရီရီပွင့်ဖြူက COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ မိခင်ဖြစ်သူကို အနီးကပ် ပြုစုခဲ့ရပြီး၊ ကိုဗစ် ရောဂါကို အနီးကပ် ကြုံတွေ့ခဲ့ရတဲ့အကြောင်း အခုလိုပဲ ပြောပြထားပါတယ်။
“အမေ့ကို ၂၂ ရက် အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးခဲ့ပါဘူး။ COVID ကြီးကို အနီးကပ် ကြုံတွေ့ရတာ တကယ့်ကို ကြောက်ဖို့ ကောင်းပါတယ်”
“သေမင်းနဲ့ စစ်ခင်းရတယ်ဆိုတာ နားလည်သွားခဲ့တယ်။ အခုအမေလည်း သက်သာသွားပါပြီ။ အောက်ဆီဂျင်လည်း ဖြုတ်လို့ရသွားပါပြီ။ အားတော့ ပြန်မွေးရဦးပါမယ်”လို့ ရီရီပွင့်ဖြူက ဆိုပါတယ်။
မိခင်ကို အနီးကပ် ပြုစုခဲ့ပေမယ့် ကိုယ်တိုင် COVID-19 ရောဂါ မကူးစက်အောင် ဂရုစိုက် နေထိုင်ပုံကို အခုလိုပဲ မျှဝေထားပါတယ်။

“ရီက အရင် Quarantine ဝင်ရတုန်းကလည်း ဂရုစိုက်ပြီး ကာကွယ်မှုတွေ လုပ်ခဲ့ဖူးတော့ အတွေ့အကြုံတော့ ရှိပြီးသား ဖြစ်နေတယ်။ မကူးအောင် ဘယ်လိုနေခဲ့လဲဆိုတော့ အဓိက Mask၊ လက်အိတ်၊ ခေါင်းစွပ်တွေကို မနှမြောဘဲ ပေါပေါသုံးတာပါပဲ။ အခန်းဝမှာ ဘူးလိုက် ချထားတယ်”
“ဝင်ရင် အကုန်စွပ်၊ လုပ်စရာရှိတာ အကုန်ပြီး ထွက်ရင် အကုန်ချွတ် လွှင့်ပစ်၊ အိမ်သာ ခွဲသုံးပါတယ်။ ပန်းကန် ခွက်ယောက် သတ်သတ် ခွဲလိုက်ပါတယ်။ အဝတ်အစားတွေ Detto နဲ့ စိမ်လျှော်ပါတယ်။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်တွေ ခဏခဏ လဲပါတယ်၊ လျှော်ပါတယ်”
“လူနာကိုလည်း လဲပေးပါတယ်။ အမေ့အခန်းထဲ ဝင်တဲ့ အဝတ်အစားကို သတ်သတ် ထားပါတယ်။ တနေ့ တစုံပါပဲ။ ကိုယ့်အခန်းထဲကို ပြန်ဝင်ရင် ရေချိုး အဝတ်အစား လဲပြီးမှ အိပ်ရာပေါ် တက်ပါတယ်။ အလုပ်တော့ ရှုပ်တာပေါ့နော်။ ဒါပေမဲ့ မကူးခဲ့ပါဘူး”လို့ ရီရီပွင့်ဖြူက ပြောပါတယ်။

ဆက်လက်ပြီး ရီရီပွင့်ဖြူက COVID-19 ရောဂါ ခံစားနေရသူတွေ၊ ပြုစုနေရသူတွေကို အားမလျှော့ကြဖို့ အခုလိုပဲ တိုက်တွန်းထားပါတယ်။
“COVID-19 ရောဂါ ခံစားနေရတဲ့သူတွေရော၊ ပြုစုနေတဲ့သူတွေပါ အားမလျှော့ကြပါနဲ့။ အားတင်းပြီး တိုက်ထုတ်ကြပါ။ အားလုံးပဲ ကပ်ဆိုးကြီးဘေးမှ ကင်းလွတ်ကြပါစေ”လို့ ရီရီပွင့်ဖြူက ပြောထားပါတယ်။
သရုပ်ဆောင် ရီရီပွင့်ဖြူက ဒီအကြောင်းအရာတွေကို “SEIN PHYO & YI” Page မှာလည်း ပြန်လည် မျှဝေ ပေးထားပါတယ်။