စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေတဲ့ နိုင်ငံကျော် Makeup Artist မေဦးက သူ့ရဲ့ ချစ်သူ ဟန်လင်းနဲ့ ချစ်သက်တမ်း ၅ နှစ် ပြည့်သွားပြီလို့ ဆိုပါတယ်။
“Anniversary ၄ ကြိမ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရသလို ရက်ပေါင်း ၁၅၀၀ ကိုလည်း နှင်းဆီပန်း ၁၅၀၀ နဲ့အတူ မိုးပျံပူပေါင်းလေးတွေ လွှတ်ကာ ချစ်ရတဲ့သူတွေနဲ့ အပျော်ရွှင်ဆုံး ဖြတ်သန်းခဲ့ကြရတယ်”
“အဲဒီ ပျော်ရွှင်စရာလေးတွေနဲ့ အရာရာကို လက်လွှတ်လိုက်ရပြီး အခုလို ခက်ခဲနေတဲ့ အခြေအနေကို ရင်ဆိုင်ကျော်ဖြတ်နေချိန်မှာပဲ ၅ နှစ်တိတိ ပြည့်ခဲ့ရပြန်ပြီ ချစ်သူရေ”
“ဘာပဲဖြစ်ဖြစ် ချစ်တို့နှစ်ယောက် ပျော်ရွှင်လည်း အတူတူ ရှိခဲ့တယ်။ ငိုရလည်း အတူတူ ရှိခဲ့တယ်။ အခုလို အခက်ခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ချိန်မှာတောင် အတူတူ ရှိနေရလို့ ပိုပြီး ခိုင်မြဲစေတဲ့ အမှတ်တရ အပြည့်နဲ့ 5 Years Anniversary လေး ဖြစ်ခဲ့ရပြီနော်”လို့ မေဦးက ဆိုပါတယ်။
ဒီလိုနေ့လေးမှာ ဖြစ်ချင်တဲ့ ဆန္ဒကတော့ အေးချမ်း ပျော်ရွှင်စွာ နေခဲ့တဲ့ အိမ်လေးကို ပြန်ချင်တယ်လို့ မေဦးက ဆိုပါတယ်။
“ဒါကြောင့် ဒီနေ့ ၅ နှစ်ပြည့်ကနေပြီး နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စရာ နေ့ရက်တွေကို ဖြတ်ကျော်ဖို့ အမြဲတမ်း အတူတူ လက်တွဲထားကြမယ်နော်။ ဒီနေ့လို ၅ နှစ်ပြည့် အမှတ်တရနေ့လေးမှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒလေးကတော့ အေးချမ်းပြီး ပျော်ရွှင်စွာ နေခဲ့ရတဲ့ မေဦးတို့ အိမ်လေးကို အရမ်းပြန်ချင်တယ်။ အားလုံးကိုလည်း လွမ်းတယ်”လို့ မေဦးက ပြောပါတယ်။
မေဦးက ကိုယ်တိုင် အဆင်မပြေ ခက်ခဲပေမယ့် ကိုယ့်ထက် အဆင်မပြေတဲ့ ကလေးတွေရဲ့ စာသင်ကျောင်းလေး ဘေးအကာကာဖို့ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
“ကိုယ်အဆင်မပြေ ခက်ခဲပေမယ့် မေဦးတို့ထက် အဆင်မပြေ ခက်ခဲတဲ့ ကလေးတွေရဲ့ ကျောင်းလေး ဘေးအကာ ကာဖို့အတွက် လေးစားပြီး ချစ်ရတဲ့သူတွေဆီက လက်ဆောင်ရခဲ့တဲ့ ရွှေဆွဲကြိုးလေးကို ရောင်းပြီး ၅ နှစ်ပြည့် Anniversary နဲ့ ဝါဆိုလပြည့်နေ့ အမှတ်တရ လှူဖြစ်ခဲ့ပါတယ်”
“ကျောင်းလေးက တော်တော် မပြည့်စုံပေမယ့် ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာကတော့ ပြီးပြည့်စုံလွန်းပါတယ်။ ကလေးတွေကို ကြည့်ပြီးတော့လည်း ကိုယ့်ရဲ့ကျန်ရှိနေသေးတဲ့ ဘဝမှာ မိမိရဲ့ပတ်ဝန်းကျင် ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးချင်တဲ့ စိတ်က အရင်ထက် ပိုပြီးဖြစ်မိတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး မေဦးက သူတို့ကို စောင့်ရှောက်ပေးတဲ့ ကရင် တိုင်းရင်းသားတွေကို ကျေးဇူးတင်ပြီး၊ သူ့ရဲ့ ကြမ်းတမ်းတဲ့ ခရီးလမ်းအကြောင်းလည်း တရက် ရင်ဖွင့်ချင်တယ်လို့ ဆိုပါတယ်။
“မေဦးတို့ကို မျှော်လင့်ခြင်း မရှိ၊ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ မိသားစုလို စောင့်ရှောက်ပေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကရင်တိုင်းရင်းသားတွေကို ကျေးဇူး အရမ်းတင်ပါတယ်။ ကရင်လူမျိုးတွေကို အရင်ထက် အရမ်းလည်း ပိုချစ်မိတယ်”
“အားလုံး အေးဆေးဖြစ်သွားတဲ့ တနေ့ကျရင်တော့ ဖေဖော်ဝါရီ ၂ ရက်နေ့ မတရား ဝရမ်းထုတ်တဲ့နေ့က စပြီး ယနေ့ထိ ကြုံခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ခရီးလမ်းအကြောင်း ရင်ဖွင့်ချင်ပါသေးတယ်”လို့ မေဦးက ပြောပြထားပါတယ်။