နိုင်ငံကျော် ဂီတစာဆို၊ ထပ်ဆင့်အကယ်ဒမီ ဆိုင်းဆရာကြီး စိန်မွတ္တား ယနေ့၊ ဇူလိုင်လ ၂၄ ရက်နေ့၊ မနက် ၈ နာရီအချိန်ခန့်က မန္တလေး မြို့တော်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားကြောင်း သိရပါတယ်။
“ဇူလိုင်လ ၂၄ ရက်နေ့ (စနေနေ့)၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ မနက် ၈ နာရီမှာ အဖေ ဆုံးသွားပါပြီ။ဖြေနိုင်ပါတယ် အဖေ။ အဖေက ကုသခွင့် ရလိုက်တယ်။ ကံပေါ့ အဖေရယ်”
“မြန်မာနိုင်ငံရဲ့ ဘယ်နေရာရောက်ရောက် စိန်မွတ္တား သမီးဆို မျက်နှာပန်းပွင့်ခဲ့တာတွေ အများကြီးပဲ အဖေ”လို့ ဆိုင်းဆရာကြီး စိန်မွတ္တားရဲ့ သမီးဖြစ်သူ မထက်ထက်ယုက လူမှုကွန်ရက်မှာ စိတ်မကောင်းစွာ ရေးသားထားပါတယ်။

“မနေ့က နိုင်ငံကျော် မဟာရန်ကုန် ဂျက်စတင်း၊ ဒီနေ့ နိုင်ငံကျော် မန္တလေးက ထပ်ဆင့် အကယ်ဒမီဂီတစာဆို အစ်ကို စိန်မွတ္တား လူလောကက ထွက်ခွာသွားကြပြီ နောက်ဆုံး ခရီး လိုက်ပါပို့ဆောင် ခွင့်တောင်မရပါလား”
“မိသားစုနဲ့ အတူ ဝမ်းနည်းကြေကွဲ ရပါတယ်။ ကောင်းရာ သုဂတိလားကြပါစေ။ သေခြင်းတရားကို မလွန်ဆန်နိုင်လို့ ကိုယ့်အလှည့် ဘယ်တော့လဲ စောင့်နေကြရတာပါလား”လို့ ဆိုင်းဆရာ စိန်ဒူးဝါးက စိတ်မကောင်းစွာ ဆိုပါတယ်။

နိုင်ငံတော် ထပ်ဆင့် ရွှေတံဆိပ်ဆုရ “ဂီတစာဆို” စိန်မွတ္တားအား ဆုံးရှုံးမှုအတွက် တနိုင်ငံလုံးမှာ ရှိကြတဲ့ သူ့ရဲ့ ပရိသတ်တွေက နှမြောတသ ပူဆွေး စိတ်မကောင်း ဖြစ်နေကြပါတယ်။