မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းအတွင်း COVID-19 ရောဂါကြောင့် နေ့စဉ် လူသေဆုံးမှု စာရင်း မြင့်တက်လျက် ရှိပါတယ်။ တနိုင်ငံလုံး နေ့စဉ် လူသေဆုံးမှု စာရင်း အတိအကျ ထုတ်ပြန်ဖို့အတွက် D-Day Channel မှ “We Count Campaign” အမည်ဖြင့် ကမ်ပိန်းတခု လုပ်ဆောင်နေပါတယ်။
အဆိုပါ ကမ်ပိန်းမှာ ပရဟိတ အသင်းများအနေဖြင့် နေ့စဉ် သင်္ဂြိုဟ်ပေးနေရတဲ့ သေဆုံးသူ အရေအတွက်နဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်များမှ ပေးပို့တဲ့ အချက်အလက်များကို စာရင်းပြုစုကာ “We Count” web စာမျက်နှာမှာ နေ့စဉ် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ နေ့စဉ် ထုတ်ပြန်တဲ့ သတင်းတွေမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်ကို ထိမ်ချန်ပြီး လွဲမှားစွာ ထုတ်ပြန်နေတာကြောင့် ပြည်သူတွေဆီ သတင်းအမှန် ရောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကမ်ပိန်းမှာ ပရဟိတ အသင်းများ၊ ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနုပညာရှင်များက အခုလိုပဲ တိုက်တွန်း ဖိတ်ခေါ်ထားပါတယ်။
အဆိုတော် ကျားပေါက်
“အခုအခြေအနေအရ ကျနော်တို့က တနေ့တနေ့ သေဆုံးသူ စာရင်းကို စစ်အစိုးရက ထုတ်တဲ့ သတင်းစာတွေ၊ မီဒီယာတွေကနေ လူဘယ်နှယောက် သေဆုံးတယ်ဆိုတာ အမှန်သိဖို့ မလွယ်တော့ပါဘူး။ ဆိုတော့ တနေ့ကို လူဘယ်နှယောက် သေတယ်ဆိုတဲ့ စာရင်း အမှန်ကို ချပြဖို့ လိုပါတယ်”
“အဲဒါကြောင့် D-Day Channel က လုပ်တဲ့ We count campaign မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီကမ်ပိန်းမှာ ပါဝင်ချင်တယ်ဆိုရင် ပရဟိတ အသင်းတွေကို မေတ္တာရပ်ခံချင်တာက တရက်တရက် Dead body တွေ ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်ပြီးတော့ Report လုပ်ပေးစေချင်ပါတယ်”
“နောက်ပြီး Dead Body ပိုင်ရှင်၊ သေဆုံးသူရဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကလည်း ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အချိန်မှာ ဆုံးသွားတယ်ဆိုတာ D-Day Channel (သို့မဟုတ်) We count web page ကို လှမ်းပြောပေးဖို့ ပြောချင်ပါတယ်။ သတင်းအမှန်ကို လူတွေဆီ ရောက်ဖို့ ကျနော်တို့က ကိုယ့်အချင်းချင်းပဲ အားကိုးဖို့ ရှိပါတယ်။ အဲ့အတွက် We count campaign မှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”
သရုပ်ဆောင် မင်းမော်ကွန်း
“ကျနော်တို့ တိုင်းပြည်မှာ COVID-19 ကပ်ရောဂါကြောင့် နေ့စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။ ဆုံးရှုံးသွားတဲ့ အသက် တချောင်းချင်းစီတိုင်းက တန်ဖိုးကြီးသလို သေဆုံးသူတွေရဲ့ အချက်အလက်တွေကို တိတိကျကျ မှတ်တမ်းတင်နိုင်ဖို့က အင်မတန်ဖို့က အရေးကြီးပါတယ်”
“D-Day Channel ကနေ ကြိုးပမ်းပြီးတော့ နေ့စဉ် သေဆုံးသူ စာရင်းကို တိတိကျကျ ထုတ်ပြန်ပေးဖို့ လုပ်နေပါတယ်။ We Count Campagin လေးကို ပရဟိတအသင်းတွေ အနေနဲ့ နေ့စဉ် သင်္ဂြိုဟ်ရတဲ့ စာရင်းတွေ၊ ကိုယ်တိုင် လိုက်ပို့ပေးရတဲ့ Dead body စာရင်းတွေကို တိတိကျကျလေး ပေးစေချင်ပါတယ်”
အဆိုတော် Rဇာနည်
“အခု ကိုဗစ် တတိယလှိုင်းမှာ ကျနော်တို့ မြန်မာပြည်သူ ပြည်သားတွေ အသက်တွေ မဆုံးရှုံးသင့်ဘဲ မြင်မကောင်း၊ ရှုမကောင်း အသက်တွေ ဆုံးရှုံးနေကြရတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျနော်တို့ နိုင်ငံသားတွေ ဘယ်လောက်တောင် အသက် ဆုံးရှုံးခဲ့ရလဲဆိုတာ စာရင်းမရှိ အင်းမရှိ ဖြစ်နေပါတယ်”
“အဲဒါကြောင့် We count campaign လေးမှာ သေဆုံးသွားတဲ့ လူစာရင်းတွေ စာရင်းပေးသွင်းခြင်းဖြင့် ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ၊ အခြားသော ပြည်သူတွေ ဘယ်လောက်တောင် အသက်ဆုံးရှုံးခဲ့ရပြီလဲဆိုတာ သိနိုင်ပါတယ်။ အခုချိန်ဟာ ကျနော်တို့ ပြည်သူကနေ ပြည်သူပဲ အချင်းချင်း ရိုင်းပင်း ကူညီဖို့ပဲ ရှိပါတော့တယ်”
အလှမယ် ထားထက်ထက်
“ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူစာရင်းကို စကစဘက်က တိတိကျကျ မထုတ်ပြန်ဘဲ လိမ်ညာမှုတွေ ရှိနေမှာပါ။ ပြီးတော့ ကျမတို့ ပြည်သူတွေက ကိုဗစ် မကူးခင်ကလည်း ဖိနှိပ် နှိပ်စက်မှုများစွာကို ကြုံတွေ့ ခံစားရပါတယ်။ အခု ကိုဗစ် ကူးစက်ခံရပြန်တော့လည်း ဆေးကုသ စောင့်ရှောက်မှု မရတဲ့အပြင် ကိုယ့်အားကိုယ်ကိုး ပြုစု စောင့်ရှောက်မှုတွေလည်း ပိတ်ပင်ခံကြရပါတယ်”
“စကစတွေရဲ့ ပရောဂကြောင့် အသက်ဆုံးရှုံး ရပြန်တော့လည်း စာရင်းအင်း မရှိ ဖြစ်ရပြန်ပါတယ်။ အဲဒါကြောင့် အမြို့မြို့အနယ်နယ်မှာ ရှိကြတဲ့ ပရဟိတ အသင်းတွေနဲ့ မိဘပြည်သူတွေကို အကူအညီ တောင်းချင်တာက ကျမတို့မှာ ကျမတို့ရှိတယ် ဆိုတဲ့အတိုင်း သေဆုံးသူတွေ စာရင်းပြုစုပြီး အချက်အလက်တွေ D-Day Channel ကို ပို့ပေးစေချင်ပါတယ်”
Makeup Artist မေဦး
“မေဦးတို့ ပြည်သူတွေဟာ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းကလို ကျန်းမာရေး ပြုစုစောင့်ရှောက်မှု သေချာစွာ မရရှိတဲ့အတွက်ကြောင့် သေဆုံးသူ လူဦးရေကလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကနေ သေဆုံးတဲ့ လူဦးရေ အတိအကျ လုံးဝ မထုတ်ပြန်ဘဲနဲ့ သတင်း ထိမ်ချန်မှုတွေ ရှိနေတဲ့ အတွက်ကြောင့် ပြည်သူတွေအနေနဲ့ We count campagin မှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
အဆိုတော် ရန်ရန်ချမ်း
အဆိုပါ We Count Campaign မှာ ပြည်သူများ ပါဝင်ပေးကြဖို့ အခြားသော အနုပညာရှင်များ ဖြစ်ကြတဲ့ အဆိုတော် ရန်ရန်ချမ်း၊ Cobra၊ နီတာနဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်၊ မြနှင်းရည်လွင်တို့ကလည်း တိုက်တွန်း ပြောဆိုထားကြပါတယ်။
WE COUNT Campaign ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် တတိယလှိုင်းအတွင်း တနိုင်ငံလုံးအနှံ့ သေဆုံးသူ စာရင်း ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ စုစုပေါင်း (၇၉၇) ဦးရှိပြီလို့ ကနဦး သိရပြီး၊ နောက်ရက်များမှာလည်း သေဆုံးသူ စာရင်းကို သိရသမျှ ထပ်မံ တင်ပေးသွားမယ်လို့ သိရပါတယ်။
You may also like these stories:
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ