ဇူလိုင်လအတွင်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ သရုပ်ဆောင် ခေးဆက်သွင်က ၁၄ ရက် ပြည့်လို့ ရောဂါ အနည်းငယ် သက်သာလာပြီလို့ ဆိုပါတယ်။
“အခုတော့ ၁၄ ရက်ပြည့်လို့ နည်းနည်း သက်သာလာပါပြီ။ စိတ်ရော လူရော လှိမ့်နေအောင် ခံစားလိုက်ရပါတယ်။ Positive ဖြစ်သွားမှ တခြားအရာတွေ အားလုံးထက် မိတ်ကောင်းဆွေကောင်း၊ မိသားစုကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ အဆက်အသွယ်ကောင်းတွေ ရှိခဲ့တာက အဖိုးတန်မှန်း သိခွင့်ရခဲ့ပါတယ်”
“စိတ်ဓာတ်ခွန်အား၊ အကြံဉာဏ်အား၊ အစားအသောက်၊ အကူအညီ၊ ဆေးဝါးလမ်းညွှန်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တာထက် ပိုပါတယ်”လို့ ခေးဆက်သွင်က ဆိုပါတယ်။
ရောဂါ ခံစားရစဉ်မှာ စိတ်ပျော်ရွှင်အောင် နေထိုင်ခဲ့ပုံနဲ့ အာဟာရ ရှိအောင် စားသောက်ခဲ့ပုံကို ခေးဆက်သွင်က အခုလိုပဲ မျှဝေထားပါတယ်။
“အစားကို ရှိသမျှ အကုန်စား၊ ညဆို ၈ နာရီခွဲအိပ်။ မနက် ၅ နာရီခွဲထ၊ တရားလေးတွေ ဖွင့်ထား။ ပြီးတာနဲ့ တင်ဇာမော်ရဲ့ “စိတ်မညစ်နဲ့” သီချင်းကို ထပ်ခါထပ်ခါဖွင့် နားထောင်၊ နေ့လယ် ပြန်အိပ်။ ဆရာဝန် တယောက်ရဲ့ အကူအညီနဲ့ သောက်ရမယ့် ဆေးတွေ၊ နေထိုင်ရမယ့် ပုံစံတွေ တသွေမတိမ်း လိုက်နာ”
“ရေသောက်၊ ဓာတ်ဆားသောက်၊ ရေနွေးငွေ့ရှူ၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်၊ ကိုယ်ကိုယ်တိုင်လည်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နေ။ ရအောင် အနိုင်ယူ ဖြတ်ကျော်ပြမယ်”လို့ ခေးဆက်သွင်က ပြောထားပါတယ်။
ခေးဆက်သွင်ဟာ ဇူလိုင်လ ၁၅ ရက်နေ့က အနံ့ပျောက်၊ အရသာ ပျောက်နေတာ ၄ ရက်ရှိပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လအတွင်း အနုပညာရှင်များထဲမှာ အဆိုတော် ကော်နီ၊ တင်ဇာမော်၊ အောင်ထက်၊ အလှမယ် ဟန်လေး၊ နှင်းသွေးယုအောင်၊ လူရွှင်တော် ငြိမ်းချမ်းတို့ COVID-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။
တင်ဇာမော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အနံ့ပျောက်သွားကြောင်း အသိပေးထားပြီး၊ ဟန်လေးကလည်း ရက် ၂၀ ကျော်တဲ့အထိ အနံ့ အရသာ အပြည့်အဝ မရသေးဘူးလို့ ဆိုပါတယ်။
အဆိုတော် အောင်ထက်က ပြည်သူများ COVID-19 ရောဂါ ဂရုစိုက်ကြဖို့နဲ့ သူကိုယ်တိုင်လည်း ကိုဗစ် ရောဂါကို တွန်းလှန်နေကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က Live လွှင့် ပြောခဲ့တာ ဖြစ်ပါတယ်။
လူရွှင်တော် ငြိမ်းချမ်းကတော့ လွန်ခဲ့တဲ့ ၃ ရက်ခန့်က အနံ့ပျောက် ဖျားနေခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ မိသားစုတွေ ကျန်းမာရေး အနည်းငယ် ပြန်လည် သက်သာလာပြီလို့ သိရပါတယ်။
You may also like these stories:
အဆိုတော် တင်ဇာမော်နဲ့ သူ့ရဲ့မိခင် COVID-19 ကူးစက်ခံထားရ
ကိုယ်ခံအားနည်းနေချိန်မှာ COVID-19 ကူးစက်ခံခဲ့ရတဲ့ ကော်နီ
COVID-19 အတွေ့အကြုံကို မျှဝေပေးတဲ့ အလှမယ် ဟန်လေး
အလှမယ် နှင်းသွေးယုအောင် COVID-19 ရောဂါ ကူးစက်ခံရ