“ဖေဖေ့ကို အဆက်အသွယ် မလုပ်တာ ၄ လရှိပြီ။ ဖေဖေနဲ့ စကားမပြောရတာ ၄ လရှိပြီ။ ဖေဖေ့ မျက်နှာ မမြင်ရတာ ၄ လရှိပြီ။ ဖေဖေ နေကောင်းကျန်းမာရဲ့လား။ ဘာလိုအပ်တာရှိလဲ။ အဆင်ပြေရဲ့လားဆိုတာတွေ အခြားလူတယောက်က တဆင့်ပဲ အမြဲမပြတ် မေးနေခဲ့ရတယ်”
“ဖေဖေက သမီးပြန်လာတာကို မစောင့်ဘဲ သမီးကို ထားခဲ့တယ်။ သမီးရဲ့ ကမ္ဘာကြီး တခုလုံး၊ သမီးရဲ့အရာရာ”လို့ အစချီ ရေးသားထားတဲ့ ထားထက်ထက်ရဲ့စာက ဖခင်ကို ဆုံးရှုံးသွားတဲ့ သမီးတယောက်ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိစေပါတယ်။
ထားထက်ထက်ရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့ ၂ ရက်ခန့်က နေမကောင်းဖြစ်ပြီး၊ ယမန်နေ့ (ဇူလိုင် ၂၆ ရက်) နေ့လယ်ပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ ထားထက်ထက်က ဖခင်ကို အဆက်အသွယ် မလုပ်တာ ၄ လခန့်ရှိပြီဖြစ်ပေမယ့် ဖခင်ရဲ့ ကျန်းမာရေး၊ နေကောင်းလား၊ အဆင်ပြေလားဆိုတဲ့ သတင်းတွေကို အခြားလူကနေတဆင့် အမြဲမပြတ် နားစွင့် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ဖေဖေ ဗိုက်နာလို့ နေမကောင်းဘူးကြားတော့ အရမ်းသတိရ စိတ်ပူလို့ စကားပြောချင် တွေ့ချင်လို့ ဖြစ်ချင်ရာဖြစ် ဖုန်းခေါ်မယ်၊ စကားပြောမယ်လို့ ချိန်းထားတာ ဒီနေ့လေ ဘာလို့ဒီနေ့မှ စကားတောင်မပြော မြင်ခွင့်တောင်မရဘဲ သမီးကို ထားခဲ့ရတာလဲ”လို့ ထားထက်ထက်က ယူကြုံးမရစွာ ရေးသားထားပါတယ်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ထားထက်ထက် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ သူလုပ်ဆောင်သမျှ အရာတိုင်းဟာ သူနဲ့သာ သက်ဆိုင်ကာ မိသားစုဝင်များနဲ့ မသက်ဆိုင်ကြောင်း၊ မိသားစုဝင်များကိုလည်း အဆက်အသွယ် ဖြတ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။
သမီးဖြစ်သူ တောထဲမှာ အနေအစား ပင်ပန်းဆင်းရဲတာကို စိတ်မကောင်းဖြစ်ပေမယ့် သမီးရဲ့ ရပ်တည်မှုအတွက် အဖေက ဂုဏ်ယူနေတဲ့အကြောင်း သိခွင့်ရတယ်လို့ ဆိုပါတယ်။
“ဖေ့သမီးလေးအတွက် ဂုဏ်ယူနေပေမယ့် တောထဲမှာ အနေအစား ဆင်းရဲပင်ပန်းတာကို နှမြောပြီး စိတ်မကောင်းဖြစ်နေတယ် ပြောတယ်ဆို။ သမီးက မီးမရှိ အင်တာနက် မရတဲ့ နေရာမှာဖြစ်နေလို့ ရတဲ့နေရာမှာသွားသုံးရတာလေ။ ဒီနေ့မနက်ပိုင်း အင်တာနက်ရတဲ့နေရာ မသွားဖြစ်သေးဘဲ ညနေပိုင်းမှသွားပြီး အေးဆေး video call ခေါ်မယ် စကားတွေ ပြောမလို့ လုပ်နေတာလေ”
“အဲ့ဒါကို နေ့လယ်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲ ဖေရယ်။ ဘာလို့ဒီနေ့မှလဲ။ ဘာလို့ ဒီအချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ ပြောထားတယ်လေ။ ဘာလို့မစောင့်ဘဲ သမီးကို ဒီအတိုင်း ထားခဲ့ရတာလဲ”လို့ ထားထက်ထက်က စိတ်မကောင်းစွာ ဆိုပါတယ်။
“မိဘတွေကို ဖုန်းတောင်မဆက်ရဲတဲ့ သမီးအဖြစ်ကို ဘဝတူချင်းမို့ အရမ်းနားလည်တယ် သမီးရယ်။ လုံခြုံရေးအတွက် ဖုန်းမဆက်ရတော့ အခုလိုအဖြစ်နဲ့ ကြုံရပြီ။ မိဘတွေအတွက် ဘာမှလုပ်မပေးနိုင်တဲ့ အဖြစ်ရောက်ပြီး ရှင်ကွဲတောင်မက သေကွဲနဲ့ကြုံရလို့ သမီးအစား အရမ်းယူကြုံးမရ ဖြစ်မိတယ်”
“သမီးရယ် ဒီအချိန်မှာ အားတင်းထားပါလို့ပဲ ပြောနိုင်တာမို့ စိတ်မကောင်းဖြစ်မိပါတယ် သမီးရယ်။ သမီးဖေဖေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ Makeup Artist မေဦးက စိတ်မကောင်းစွာ ပြောထားပါတယ်။
Makeup Artist မေဦး ကိုယ်တိုင်လည်း ပုဒ်မ ၅၀၅-က နဲ့ ဝရမ်းထုတ်ခံထားရကာ ထိုင်း-မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ထားထက်ထက်က သူ့အဖေရဲ့ဘဝအကြောင်း စာအုပ်ထုတ်ဖို့ ရည်ရွယ်ထားပြီး၊ အဲဒီစာတွေ မဖတ်ရသေးခင်မှာ ဖခင် ကွယ်လွန်သွားတဲ့အတွက် ယူကြုံးမရ ခံစားနေရတယ်လို့ ဆိုပါတယ်။
“ဖေဖေ့ဘဝအကြောင်း စာအုပ်ထုတ်ချင်တယ် ပြောထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို တနေ့တမျက်နှာ စာရေးဖို့ အိမ်စာပေးထားတာ။ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။ ဖေရေးတာလည်း မပြီးသေးဘူးလေ။ သမီး မဖတ်ရသေးဘူးလေ”
“ခရီး အတူတူသွားဖို့ ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိသားစုလိုက် အတူတူ သွားဖို့ သမီးစီစဉ်လိုက်မယ် ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။ သွားလို့မရသေးလို့ စောင့်နေရတာလေ ဖေရယ်။ မိသားစုဓာတ်ပုံ ကောင်းကောင်း ရိုက်ချင်လို့ ဆိုင်ကို မသွားချင်ဘူးဆိုလို့ အိမ်မှာပဲ သေချာခေါ်ရိုက်မလို့ဟာတောင် မရိုက်ရသေးဘူးလေ ဖေရယ်”လို့ ထားထက်ထက်က ဆိုပါတယ်။
နောက်ဆုံးအကြိမ်မှာ ဖခင်ကို တွေ့ခွင့်မရဘဲ ကန်တော့ခွင့် မရတဲ့အတွက် ဘယ်လိုမှ မဖြေနိုင် မခံစားနိုင်ဘူးလို့ ထားထက်ထက်က ဆိုပါတယ်။
“သမီးဒီနေ့ဖေနဲ့ ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ပုံကို ကြည့်ဖို့ မဟုတ်ဘူးလေ။ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင်လို့လေ ဖေရယ်။ ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။ သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့်၊ လက်လေးကိုင်ခွင့်တောင် မရနိုင်ဘူး”
“သမီးဘယ်လို ခံစားနိုင်မှာလဲ ဖေရယ်။ ပြန်ထလာပါဦးနော်။ သမီးပြန်လာတာကို စောင့်မယ်ဆို။ သမီးဘယ်လိုမှ မဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။ သမီးရဲ့ကမ္ဘာကြီး တခုလုံးပါ။ သမီးအရမ်း အရမ်းချစ်တာ။ ဖေနေမကောင်းရင် တခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။ မခံစားနိုင်တာပါ”လို့ ထားထက်ထက်က ပြောထားပါတယ်။
ငယ်စဉ်က ကျွမ်းဘား ကစားသမား တဦးဖြစ်ခဲ့တဲ့ ထားထက်ထက်က အလှမယ်အနေနဲ့ အနုပညာလောကထဲ လျှောက်လှမ်းခဲ့ပြီး၊ သူ့ဘဝကို အကောင်းဆုံး ဖြတ်သန်းခဲ့တာကြောင့် အဝေးတနေရာကနေ ဖခင်က သမီးအတွက် ဂုဏ်ယူနေဦးမှာကတော့ မလွဲပါပဲ။ ။
You may also like these stories:
အသက်ရှင်စဉ် စခန်းတွေကို လိုအပ်တာ ထောက်ပံ့ဖို့ ထားထက်ထက် ပြော
ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း
စစ်သင်တန်းအတွက် လှူဒါန်းပေးကြဖို့ ထားထက်ထက် တိုက်တွန်း