သရုပ်ဆောင် မေပန်းချီက သူ့ရဲ့မိခင် အရေးပေါ်အခြေအနေ ဖြစ်နေချိန်မှာ ပြည်သူအားလုံး မပေါ့လျော့ရအောင် အောက်ဆီဂျင်အိုး ရယူတဲ့ နေရာမှာ ကြုံတွေ့ရတတ်တဲ့ အခြေအနေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အခု ပန်းချီ့အမေ အရေးပေါ်ဖြစ်နေတဲ့ အချိန်မှာ အားလုံး မပေါ့လျော့ရအောင် သတိလေး နည်းနည်း ပေးချင်လို့ပါ။ ပရဟိတ အလုပ်နဲ့ ပတ်သက်တဲ့သူတွေကို ပန်းချီ ပုတ်ခတ်တာ မဟုတ်ပါဘူး။ ကျေးဇူးလည်း တင်တယ်။ အားလည်း အားကိုးပါတယ်”
“တခုပြောချင်တာက တချို့ ပရဟိတအသင်းတွေက အောက်ဆီဂျင် ကူညီပေးလို့ အဆင်ပြေသွားတဲ့သူတွေ ရှိသလို၊ ပရဟိတအသင်းကို ယုံပြီး အသက်ဆုံးရှုံးသွားရတဲ့သူတွေ ရှိတယ်။ ဒါ ပန်းချီကိုယ်တိုင် မဆုံးရှုံးသေးပေမယ့် ဆုံးရှုံးခါနီး အခြေအနေ လက်တွေ့ ခံစားနေရလို့ ပြောပြတာပါ”လို့ မေပန်းချီက ပြောပါတယ်။
မေပန်းချီရဲ့ မိခင်ဟာ ဇူလိုင် ၃ ရက်နေ့က ချော်လဲတာကြောင့် သတိလစ်ကာ ပင်လုံဆေးရုံသို့ တင်ခဲ့ရပြီး၊ အဲဒီနောက် သူတို့ တမိသားစုလုံး COVID-19 ရောဂါ Positive ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အမေက ၃ ရက်နေ့လောက်မှာ မူးတယ်ဆိုပြီး ချော်လဲတော့ ပန်းချီ အသံကြားလို့ သွားကြည့်ချိန်မှာ သတိလစ်နေတယ်။ အမေ့ကို ပင်လုံဆေးရုံ တင်လိုက်ရတယ်။ ၄ ရက်နေ့မှာ ဆေးရုံတင်တယ်။ ၇ ရက်နေ့လောက်မှာ ပန်းချီ အနံ့ပျောက်သွားတယ်။ အမေ့ကို ဓာတ်မှန်ရိုက်တဲ့အချိန်မှာ အဆုတ်မှာ Spot လေးတွေ တွေ့တယ်။ ပန်းချီတို့ တမိသားစုလုံး ကိုဗစ် ဖြစ်တယ်”
“အမေက ကိုဗစ် Positive ဖြစ်တော့ ဆေးရုံက လက်မခံဘူး။ ဆေးရုံကနေ အင်းယားစင်တာမှာ ကုသမှု ခံယူဖို့ ကူညီပေးမယ်တဲ့။ ဒါပေမဲ့ အင်းယားစင်တာက အဆင်မပြေခဲ့ဘူး။ အောက်ဆီဂျင် တခုတည်းကြောင့် အင်းယားစင်တာမှာ တက်ရမယ်ဆိုရင် မပို့တော့ဘူး။ အောက်ဆီဂျင် ရအောင်ရှာပြီး အိမ်မှာပဲ ကျမ ရအောင် ကုမယ်လို့ ပြောခဲ့တယ်”လို့ မေပန်းချီက ပြောပါတယ်။
အိမ်မှာ ဆေးကုသမှု ပေးနေရတဲ့ မိခင်အတွက် အောက်ဆီဂျင်အိုး ရှာဖွေချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်း မေပန်းချီက အခုလိုပဲ ပြောပါတယ်။
“အိမ်မှာ ထားမယ်ဆိုရင် အောက်ဆီဂျင်အိုး လိုမယ်ဆိုလို့ ကျမ အောက်ဆီဂျင် 40 Liter တအိုး ဝယ်ခဲ့တယ်။ အဲ့အိုး ကုန်ခါနီးအချိန်မှာ ပရဟိတ အသင်းကနေ 15 Liter အိုးလေးတအိုး ရတယ်။ အမေ့ရဲ့ အိုးကြီး ကုန်လို့ ပရဟိတ အသင်းက ပေးတဲ့ အိုးသေးကို ပြောင်းလိုက်တဲ့ အချိန်မှာ အိုးထဲမှာ လေမပါလာဘူး။ အိုးထဲမှာ လုံးဝ လေမပါလာတော့ အမေ့ရဲ့ အောက်ဆီဂျင်က ၄၀ အထိ ထိုးကျသွားတယ်”
“ကျမ အမေက အရေးပေါ် အခြေအနေမို့ အိုးထဲမှာ လေပါလားလို့ မယူခင်ကတည်းက သူတို့ကို မေးတယ်။ သူတို့က ပြည့်တယ်ဆိုလို့ ယူခဲ့တာပေါ့။ ဒါသူတို့ရဲ့ ပေါ့လျော့မှုပေါ့။ သူတို့ကို အပြစ်မပြောပါဘူး။ ဒါပေမဲ့ အခုလက်ရှိ အိမ်မှာ ခံစားနေရတဲ့ ဝေဒနာသည်တွေရှိရင် ပရဟိတအသင်းက ပေးတဲ့ အောက်ဆီဂျင်တွေကို မပေါ့ပါနဲ့။ အိုးတအိုး ရှိတယ်ဆိုပြီး နောက်တအိုး ရှာဖို့ မပေါ့ပါနဲ့”
“အောက်ဆီဂျင်အိုး တန်းစီလာတယ်၊ ပရဟိတအသင်းကနေ ရလာတယ်ဆိုပြီး မပေါ့ပါနဲ့။ အိုးထဲမှာ အောက်ဆီဂျင် ပါလာချင်မှ ပါလာမယ်။ အပြည့်ဖြစ်ချင်မှပဲ ဖြစ်မယ်။ လုံးဝ မပေါ့လျော့ပါနဲ့”လို့ မေပန်းချီက ပြောပါတယ်။
လက်ရှိ COVID-19 ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်မှု အခြေအနေဟာ ပိုက်ဆံ ဘယ်လောက်ရှိရှိ ကုသလို့ မရတဲ့ တိုင်းပြည်ဖြစ်နေတယ်လို့ မေပန်းချီက ဆိုပါတယ်။
“ပန်းချီ့အမေက အောက်ဆီဂျင် ၂ လိုင်းပေးထားရတဲ့ လူနာပါ။ တနေ့ကို 40 Liter ၅ အိုးလောက် ကုန်ပါတယ်။ ပန်းချီပြောချင်တာက အောက်ဆီဂျင် စက်တခုတည်းလည်း အားကိုးလို့ မရဘူး။ ပန်းချီကိုယ်တိုင်လည်း အောက်ဆီဂျင်ရဖို့ အကြာကြီး သွားတန်းစီတယ်။ စောင့်တယ်။ အောက်ဆီဂျင်ကို ရသလောက် ရှာတယ်။ ဒီရောဂါက ပိုက်ဆံ ဘယ်လောက်ရှိရှိ ကုလို့ မရတဲ့ တိုင်းပြည်မှာ ပန်းချီတို့ နေတယ်”
“ကောင်းတဲ့ ပရဟိတ အသင်းတွေကလည်း ပန်းချီ့ကို ကူညီတာရှိသလို၊ တချို့ ပရဟိတ အသင်းတွေကလည်း ပေါ့လျော့ပြီး အိုးထဲမှာ လေမပါဘဲ ပေးတာမျိုးတွေ ရှိတတ်တယ်။ ပန်းချီက အမေ့ကို ၂၄ နာရီ မလစ်ဟင်းအောင် စောင့်ကြည့်ပေးနေတယ်”
“အဲဒါကြောင့် မေတ္တာရပ်ခံချင်တာက ပန်းချီ့အမေက ပြောရမယ်ဆိုရင် ဆရာဝန်က လက်လျှော့ထားရတဲ့သူပါ။ အဲ့တော့ ကုသလို့ ရသေးတဲ့သူတွေ အောက်ဆီဂျင် သွားတန်းစီရင် လေပါ၊ မပါ စစ်ကြည့်ပေးပါ။ သေချာ ဂရုစိုက်ကြပါ”လို့ မေပန်းချီက ပြောပါတယ်။
အရေးပေါ် ကုသနေရတဲ့ မိခင်အတွက် မေပန်းချီက အစွမ်းကုန် ပြုစုပေးနေပြီး၊ အခြားသူများကိုလည်း အောက်ဆီဂျင်အိုး ယူရာမှာ မပေါ့လျော့ကြဖို့ ထပ်မံ တိုက်တွန်းထားပါတယ်။
“တချို့တွေက ပြောတယ်။ အိမ်မှာပဲ ထားရလား၊ ဆေးရုံ မပို့ဘူးလားဆိုတော့ ပန်းချီ့အနေနဲ့ အကုန် စုံစမ်းပါတယ်။ လေ့လာပါတယ်။ အောက်ဆီဂျင် အရမ်းကျရင် ဘယ်ဆေးရုံမှ လက်မခံပါဘူး။ အိမ်မှာ ဆရာဝန် ပင့်ပြီး ကိုဗစ်နဲ့ ပတ်သက်တဲ့ ကုသမှုတွေ အကုန် လုပ်ပါတယ်။ ပန်းချီ့အမေအတွက် ပန်းချီ လုပ်ပေးနိုင်သမျှ အစွမ်းကုန် လုပ်ပေးနေပါတယ်”
“ပြောချင်တာက အောက်ဆီဂျင် သွားတန်းစီသူတွေ မြင်နေရရင် စိတ်မကောင်းပါဘူး။ ပိုက်ဆံရှိတိုင်းလည်း မရပါဘူး။ သွားတန်းစီပြီး အောက်ဆီဂျင်အိုး ရလာရင် အိုးထဲကို လေမပါလာဘူးဆိုတာ ပန်းချီ တယောက်တည်း မဟုတ်လောက်ဘူး။ အခြားသူတွေ ၂ ယောက်၊ ၃ ယောက်လောက် ကြုံနိုင်တယ်။ အဲဒါကြောင့် အောက်ဆီဂျင် သွားတန်းစီပြီး မပေါ့လျော့ကြပါနဲ့။ အိမ်ရောက်ရင် ပြန်စစ်ကြည့်ကြပါ”
“အခုချိန်ထိ အမေ့လက်လေး နွေးနေသေးတဲ့ အချိန်ထိ ပန်းချီ အားမလျှော့ပါဘူး။ ရအောင် ကြိုးစား ရုန်းကန်ပြီးတော့ စိတ်ဓာတ် မာနေတုန်းပါပဲ။ တချို့ ပရဟိတတွေကြောင့် အဆင်ပြေသွားတာ ရှိသလို၊ တချို့ ပရဟိတတွေကြောင့်လည်း ပန်းချီတို့ ခက်ခဲသွားတာတွေ ရှိတယ်။ အောက်ဆီဂျင် အိုးထဲမှာ လေဘယ်လောက်ပါတယ်ဆိုတာ ကိုယ်တိုင် မမြင်ရတဲ့အတွက် သတိထားကြပါ”လို့ မေပန်းချီက ပြောပါတယ်။
သရုပ်ဆောင် မေပန်းချီဟာ သူကိုယ်တိုင် COVID-19 ရောဂါ Positive ဖြစ်ခဲ့ပြီး၊ လက်ရှိမှာတော့ ရောဂါ ပျောက်ကင်းပြီဖြစ်ကာ မိခင်အား အနီးကပ် ပြုစု စောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်။
You may also like these stories:
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား
မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်