Entertainment

“အောက်ဆီဂျင် အရှူလွန်ပြီး အဆုတ်ကွဲ သေတယ်ဆိုတာ မဟုတ်ပါဘူး”

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်က အွန်လိုင်းမှာ မေးမြန်းမှုများကို ဖြေကြားပေးနေပြီး၊ ကိုဗစ် တတိယလှိုင်းမှာ လူအများစု မှားယွင်းစွာ ရေးသား မျှဝေနေကြတဲ့ အယူအဆ အလွဲတွေကို အခုလိုပဲ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

COVID-19 ရောဂါကြောင့် အစားအသောက် ရှောင်စရာ မလိုဘဲ လူနာ စိတ်ချမ်းသာဖို့နဲ့ ခန္ဓာကိုယ် အားရှိဖို့၊ ကျန်းမာ ကြံ့ခိုင်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကိုဗစ်မှာ အစားအသောက် ရှောင်စရာ သီးသန့် မရှိပါဘူး။ ရှောင်ရမှာက အားစိုက်ထုတ်ပြီး လုပ်ရမယ့် အရာတွေကိုပဲ ရှောင်ရမှာ။ အစားအသောက်က လူနာ ကြိုက်တတ်လို့ရှိရင် ကျွေးလို့ရတယ်။ လူနာက ထမင်းစားချင်ရင် သူစားနိုင်ရင် ကျွေးလို့ရတယ်။ အဲကွန်းနဲ့ အိပ်ချင်တယ်ဆိုလည်း အိပ်လို့ရတယ်။ ကိုဗစ်ဖြစ်လို့ အဲကွန်းနဲ့ မအိပ်ရဘူးဆိုတာ မရှိပါဘူး”

“သူစိတ်ချမ်းသာမယ်ဆိုရင် ထားလို့ရပါတယ်။ လူနာ သက်သောင့်သက်သာ နေရဖို့ အရေးကြီးတယ်။ အစားအသောက်ဆိုရင် အောက်ဆီဂျင်ကျတဲ့သူက တအားမောတယ်။ အဲ့လို လူမျိုးအတွက်က အစာမာမာထက် အစာပျော့ပျော့လေး ကျွေးတာ ပိုကောင်းတယ်။ ခံတွင်းပျက်တဲ့သူအတွက် အစာပျော့ပျော့ စွပ်ပြုတ်တို့ ဘာတို့ ကျွေးတာကောင်းတယ်”

ဒေါက်တာ စိန်ဖြိုးလှိုင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“အစာဝင်သွားရင် ခန္ဓာကိုယ်က ပိုမိုကျန်းမာဖို့အတွက် စွမ်းအင်ရတဲ့အတွက် ကျန်းမာလာတာ မြန်တာပေါ့။ အစာမဝင်ဘူးဆိုရင် ပိုနှေးမှာပေါ့။ အဲဒါကြောင့် လူနာရှင် စားချင်တဲ့အရာမျိုး ကိုယ်က ရွေးကျွေးပါ”လို့ စိန်ဖြိုးလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး စိန်ဖြိုးလှိုင်က အောက်ဆီဂျင် အရှူလွန်ပြီး အဆုတ်ကွဲ သေတတ်တယ်ဆိုတဲ့ သတင်းအမှား အကြောင်းအရာကိုလည်း အခုလိုပဲ ပြန်ရှင်းပြခဲ့ပါတယ်။

“နောက်တခုက အောက်ဆီဂျင် အရှူလွန်ပြီး အဆုတ်ကွဲပြီး သေသွားတယ်ဆိုတဲ့ ပို့စ်မျိုးတွေ တွေ့ရတယ်။ အဲ့လို ပို့စ်ကြောင့် လူတော်တော်များများ ဒုက္ခရောက်တယ်။ အဲဒါကို ကျနော် ရှင်းပြရရင် သေသွားတဲ့ အလောင်းတခုမှာ နှုတ်ခမ်းပြာပြီး အဆုတ်ကွဲတယ်လို့ ပြောတယ်။ အောက်ဆီဂျင် ပြတ်သွားရင် နှုတ်ခမ်းပြာတယ်။ အဆုတ်ကွဲလို့ ပြာတာ မဟုတ်ဘူး”

“အဆုတ်ကွဲတယ်ဆိုတာ သူက အလောင်းကြည့်ပြီး ပြောတယ်။ တကယ်က အလောင်းကြည့်ပြီး ပြောလို့ မရဘူး။ ရင်ခွဲကြည့်မှ ရမယ်။ နှာခေါင်းမှာ သွေးတွေ ထွက်နေတယ်ဆိုရင်တော့ တမျိုးပေါ့။ အဲဒါဆိုရင် အဆုတ်ကွဲတာ ဖြစ်နိုင်ချေရှိတယ်။ ဖြစ်နိုင်တယ် ပြောတာ မဟုတ်ဘူး”

ဒေါက်တာ စိန်ဖြိုးလှိုင် (ခ) မောင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“အောက်ဆီဂျင် ကျနေပြီဆိုရင်လည်း များများ ပေးမှ မြန်မြန် တက်မှာပါ။ ဘယ်လောက်အထိ ပေးလို့ရလဲဆိုရင် ပုံမှန် ဆေးရုံတွေမှာ ၂ လိုင်းပေးရင် ၂၅ လောက်ထိ ပေးလို့ရတယ်။ အောက်ဆီဂျင် ပေးလို့ အဆုတ်ကွဲလားဆို မကွဲပါဘူး။ ပို့စ်တွေ ပေါက်တတ်ကရ ရေးပြီး Share တာတွေက အများကို ဒုက္ခရောက်စေပါတယ်။ အောက်ဆီဂျင်ပေးလို့ ဘာမှ မဖြစ်ပါဘူး။ မပေးမှ ဒုက္ခရောက်တာပါ”လို့ သူက ပြောပါတယ်။

ကိုဗစ် ရောဂါ ကူးစက်ခံထားရချိန်မှာ ရေချိုးလို့ ရ၊ မရ အငြင်းပွားနေကြတဲ့ ကိစ္စအပေါ်ကိုလည်း အခုလိုပဲ ပြောပြထားပါတယ်။

“နောက်ထပ် ရေချိုးတဲ့ကိစ္စ၊ ကိုဗစ်ဖြစ်ပြီး အနံ့ပျောက်ရုံနဲ့ ရေချိုးလို့ ရပါတယ်။ ဘယ်လို လူမျိုးတွေ မချိုးနိုင်ဘူးလဲဆိုတော့ အောက်ဆီဂျင် အရမ်းကျပြီး မလှုပ်နိုင်တဲ့သူမျိုး၊ ခုတင်ပေါ်က မဆင်းနိုင်တဲ့သူမျိုးပေါ့။ သူတို့ကိုတော့ ရေချိုးခန်းထဲ ခေါ်သွားပြီး ရေချိုးလို့ မရတဲ့အတွက် ရေပတ်တိုက်ပေးနိုင်ပါတယ်။ အဓိကက လှုပ်လှုပ်ရှားရှား မလုပ်အောင်ပြောတဲ့ သဘောပေ့ါ။ ရေနဲ့မတည့်တာ ရေထိလို့ မရတာ မဟုတ်ပါဘူး”လို့ စိန်ဖြိုးလှိုင်က ဆိုပါတယ်။

ကိုဗစ် ကာကွယ်ဆေးတွေက ရောဂါ အပြည့်အဝ မကာကွယ်နိုင်သလို၊ ကာကွယ်ဆေး ထိုးပြီးတိုင်းလည်း မပေါ့ဆသင့်ဘူးလို့ ဆိုပါတယ်။

“တရုတ် ကာကွယ်ဆေးတွေက အပြည့်အဝ ကာကွယ်နိုင်လားလို့ မေးကြတယ်။ တရုတ်မှ မဟုတ်ပါဘူး၊ ဘယ်နိုင်ငံထုတ်မှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အကာအကွယ် မပေးနိုင်ပါဘူး။ တချို့ အကောင်းဆုံး ဆေးတွေက ၉၅ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။ Sinovac ဆို ၅၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တယ်။ ကာကွယ်ဆေး ထိုးပြီးတိုင်းလည်း မပေါ့ဆသင့်ဘူး။ အပြည့်အဝ မကာကွယ်နိုင်ပေမယ့် ဆေးက ထိုးထားသင့်ပါတယ်”လို့ စိန်ဖြိုးလှိုင်က ပြောပါတယ်။

Dexa ဆေးကိုလည်း ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ဘူးလို့ စိန်ဖြိုးလှိုင်က ဆိုပါတယ်။

ဒေါက်တာ စိန်ဖြိုးလှိုင် (ခ) မောင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“Dexa ဆေးကို ဘယ်အချိန် သုံးကြလဲဆိုတော့ ဆရာဝန် ညွှန်ကြားချက် မပါဘဲ မသောက်သင့်ဘူး။ ကြိုသောက်လို့လည်း မရဘူး။ ဆရာဝန်က လိုအပ်မှ ညွှန်ကြားပေးတာပါ။ ဆေးကတော့ ဆောင်ထားသင့်တယ်။ ကိုဗစ်ဖြစ်ပြီဆိုရင် ကိုယ့်ရောဂါ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်က သောက်ပါဆိုမှ သောက်သင့်တယ်။ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး”

“ပိုးသတ်ဆေးကို ဆရာဝန်တွေ ဘာလို့ ပေးကြလဲဆိုတော့ Secondary Infection လို့ ခေါ်တဲ့ ပိုးထပ်ဝင်မှာ ကြောက်လို့ ကာကွယ်တဲ့ အနေနဲ့ ပေးကြတာ။ အထူးသဖြင့် Dexa တိုက်ရင် ပေးကြတယ်။ Dexa တိုက်ရင် Immue (ကိုယ်ခံအား) ကျစေတဲ့အတွက် အခြား ပိုးတွေ ဝင်လာမှာစိုးလို့ ပေးတာပါ”လို့ ပြောပါတယ်။

ဒေါက်တာ စိန်ဖြိုးလှိုင်ကတော့ လတ်တလောမှာ အောက်ဆီဂျင်စက် ငှားရမ်းမှုများ ဆောင်ရွက်ပေးနေပြီး၊ သိလိုသမျှကိုလည်း သူ့ရဲ့ Messenger မှာ လာရောက် မေးမြန်းနိုင်တယ်လို့ ပြောထားပါတယ်။

“အောက်ဆီဂျင် စက်တွေလည်း ကျနော်တို့ တတ်နိုင်သလောက် ငှားပေးပါမယ်။ ကျနော်တို့ဆီမှာ ရှိတဲ့ အရေအတွက်က နည်းနေသေးတဲ့အတွက် လူတိုင်းကို မကူညီနိုင်သေးရင် နားလည်ပေးပါ။ ကိုဇေနဲ့ မနန္ဒာတို့ လုပ်နေတဲ့ အောက်ဆီဂျင် စက်ရုံက နောက်လ ၁၅ ရက်လောက်ဆို စနိုင်တော့မှာပါ”

“တချို့ မေးခွန်းလေးတွေ ကျနော့် Messenger မှာ လာမေးပေးပါ။ လိုင်းပေါ်တွေ့သမျှ ပေါက်တတ်ကရ လျှောက်မလုပ်ကြပါနဲ့။ ဥပမာ- ဂွေးတောက်ရွက် ရှူတာမျိုးတွေပေါ့။ ကောက်ရိုးတမျှင်ဆိုပေမယ့် ကိုယ့်အတွက် ဒုက္ခပေးတဲ့ ကောက်ရိုးတမျှင်ဆိုရင် ကျနော်တို့မှာ တားရမယ့် တာဝန်ရှိလို့ပါ။ ပို့စ်တခု တွေ့တယ်ဆိုရင် ဒီလူက ဆေးလောကက ပညာရှင်လားဆိုတာ စိစစ်ပါ”လို့ စိန်ဖြိုးလှိုင်က ပြောပါတယ်။ ။

Loading