မြန်မာဂီတ လောကမှာ ထင်ရှားတဲ့ မြန်မာသံစဉ် တေးသံရှင် ရာဇာဝင်းတင့် (အမည်ရင်း ဦးမြင့်အောင်) ဟာ ဇူလိုင်လ ၃၁ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရပါတယ်။
“ဂီတလောကရဲ့ စိန်တပွင့်”လို့ တင်စားခံရတဲ့ တေးသံရှင်ကြီး ရာဇာဝင်းတင့်ဟာ အဆိုတော် ဖြူသီရဲ့ မောင်ဖြစ်ပြီး၊ အစ်မ ဖြူသီနဲ့အတူလည်း တေးစီးရီး အချို့ တွဲဖက် သီဆိုခဲ့ပါတယ်။
ဒါ့အပြင် ရာဇာဝင်းတင့်ဟာ မြန်မာ့အသံမှာ ဓာတ်ပြားခေတ်ကတည်းက မောင်ဝင်းတင့်ဆိုတဲ့ အမည်နဲ့ တေးသီချင်းတွေ သီဆိုခဲ့သူ ဖြစ်ပါတယ်။
ရာဇာဝင်းတင့် (ဦးမြင့်အောင်)ဟာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာလည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ သူ့ရဲ့ ကွယ်လွန်မှုအတွက် ဝန်ထမ်းဟောင်းများက နှမြောတသ စိတ်မကောင်းဖြစ်နေကြပါတယ်။
“မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းဟောင်း ဦးမြင့်အောင် (ဦးစီးအရာရှိ-တာဝန်ခံ)(ငြိမ်း)(အဆိုတော်ကြီး ရာဇာဝင်းတင့်) ဇူလိုင်လ ၃၁ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းဟောင်းများအသင်းအနေဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်”လို့ ဝန်ထမ်းဟောင်းများက ဆိုပါတယ်။
“ရာဇာဝင်းတင့် ကွယ်လွန်ကြောင်းသိရလို့ အလွန် နှမြောတသ ရပါတယ် အစ်ကို။ ကျနော်ကိုယ်တိုင် မူပိုင် စီစဉ်၊ အသံသွင်း၊ Mixing စိတ်ကြိုက်ဆွဲခဲ့တဲ့ “ဒါနပန်း” မိဘမေတ္တာဖွဲ့ အလှူသီချင်းနဲ့ အပြင်အောက်ဒိုးပွဲများဆိုရင် ကျနော့်အနားထိုင်ပြီး စကားပြောဖြစ်၊ အေးဆေး သဘောကောင်းတဲ့အစ်ကို ကောင်းရာသုဂတိလားပါစေ”လို့ “နွေငြိမ်း” စတီရီယိုမှ ကိုချိုလေးက စိတ်မကောင်းစွာ ဆိုပါတယ်။
“နွဲ့ဆိုး” သီချင်းနဲ့ လူသိများတဲ့ တေးသံရှင်ကြီး ရာဇာဝင်းတင့်ဟာ “ရတနာပုံ”၊ “ဂုဏ်မြင့်သူ”၊ “မုန်းမေ့မယ်မိုး”၊ “လွမ်းငွေ့ဝေဝေ ငယ်ချစ်ဆွေ”၊ “အိပ်မက်လှလှ မက်ပါစေ”၊ “ဗိုလ်အောင်ဒင်လို လွမ်းပြမယ်”၊ “နိစ္စရောင်ခြည်” စတဲ့ မြန်မာသံစဉ် တေးသီချင်းပေါင်းများစွာ သီဆိုခဲ့သူ ဖြစ်ပါတယ်။