အဆိုတော် သျှီဟာ ပြီးခဲ့တဲ့ရက်တွေအတွင်းက နေမကောင်းဖြစ်ခဲ့ပြီး၊ COVID-19 လို့ သံသယ ရှိပေမယ့် ဆေးမစစ်ဖြစ်ခဲ့တာကြောင့် ဘာရောဂါမှန်း မသိပေမယ့် ပြန်လည် သက်သာလာပြီလို့ ဆိုပါတယ်။
“သျှီ သက်သာပါပြီ။ ဒါကြောင့်လည်း အခုမှပဲ သေချာ အသိပေးရတာပါ။ တနေရာစီ ခွဲနေကြရတဲ့ မိသားစုဝင်တွေထဲမှာ ဖေဖေ Positive ဖြစ်ပြီး၊ ကံကောင်းစွာနဲ့ Positive ဖြစ်သော်လည်း ဘာမှ ထွေထွေထူးထူး မခံစားရပါ”
“မေမေလည်း နေမကောင်း အောက်ဆီဂျင်ပါ လိုအပ်ခဲ့တယ်။ ဆေးရုံက လက်မခံလို့ ခက်ခက်ခဲခဲ ကိုယ်တိုင်က အဝေးမှာမို့ ဖုန်းကတဆင့် အားပေး အောက်ဆီဂျင် ရှာပေး ဆေးရှာပေးခဲ့ရတယ်။ ဒီထက် ခက်တာတွေ အများကြီးပေါ့။ လူတိုင်း ဒုက္ခကိုယ်စီနဲ့မို့ နောင်ကြုံမှပဲ ပြောဖြစ်တော့မှာပါ။ အခုတော့ ဖေရော၊ မေရော တနေရာစီမှာ ဖြစ်ပေမယ့် စိတ်ချရတဲ့ အခြေအနေ ရောက်ပါပြီ”လို့ သျှီက ပြောပါတယ်။
အဆိုတော် သျှီက ၂၁ ရက်မြောက် ရှိပြီမို့ နာလန်ထစ ကာလဖြစ်ပြီး၊ ကိုဗစ် အမှတ်နဲ့ပဲ ဆေးဝါးတွေ၊ ဖြည့်စွက်စာတွေနဲ့ ခွန်အားရှိအောင် နေခဲ့တယ်လို့ ဆိုပါတယ်။
“သျှီကတော့ ၂၁ ရက်မြောက်မို့ Recovery Time (နာလန်ထစ ကာလ) ပေါ့။ ဒါပေမဲ့ ဆေးစစ်ဖို့ မလွယ်တဲ့ အနေအထားမှာ ကိုယ်တိုင် ဘာရောဂါမှန်း ရေရေရာရာ မသိဘဲ ကိုဗစ် အမှတ်နဲ့ ရှိတဲ့ Supplement တွေ သောက်ပြီး တရားအထူး အားထုတ်နေခဲ့ပါတယ်”
“ပထမရက်ကနေ ၄ ရက်မြောက်နေ့အထိ ပြင်းထန်စွာ ကိုက်ခဲပြီး ဖျားတယ် (အဖျား ၉၉ ကနေ ၁၀၁)။ ၄ ရက်မြောက်နေ့ အနံ့အရသာ စပျောက်တယ်။ ၆ ရက်မြောက်နေ့ မေမေ့အတွက် အောက်ဆီဂျင် ရှာရ၊ စိတ်အလွန် ပင်ပန်းရ၊ ကယ်တင်ရှင် ပေါ်လာလို့ အောက်ဆီဂျင် အချိန်မီရခဲ့တယ်။ ကယ်တင်ပေးတဲ့ သူငယ်ချင်းနဲ့ ဆရာ့ကို ငဲ့ကွက်သောကြောင့် နာမည်ခဏ ဖွက်ထားပါမယ်”
“၈ ရက်မြောက်နေ့မှာ အနံ့ပြန်ရ၊ အရသာ နည်းနည်း ပြန်ပေါ်တယ်။ အဖျားကျခဲ့တယ်။ ဒီလိုနဲ့ တနေ့ထက်တနေ့ တိုးတက်လာတာ အခုဆို တချက်တချက် ရင်တုန်ပြီး မောရုံ ခေါင်းအုံရုံက လွဲရင် လုံးဝကောင်းပါပြီ”လို့ သျှီက ပြောပါတယ်။
ရောဂါ ခံစားနေရချိန်မှာ တရားအားထုတ်၊ အသက်ရှု လေ့ကျင့်ခန်း ပုံမှန်လုပ်ခဲ့ပြီး၊ အစားကိုလည်း ဝင်အောင် စားခဲ့တယ်လို့ ဆိုပါတယ်။
“အဓိကကတော့ တရားကို အဓိဋ္ဌာန်ပြု၊ အချိန်မှန်မှန် ကြိုးစားအားထုတ်ခဲ့ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်းလုပ်ပြီး အစာကို အရသာ မရှိလည်း ဝင်အောင် စားခဲ့ပါတယ်။ တကယ်တော့ ကူသူမရှိ ဘဝရဲ့ အခက်ဆုံးအချိန်မှာ နေမကောင်းဘဲ တယောက်တည်း ဖြတ်သန်းဖူးတာဟာ ဒါ ပထမဆုံးအကြိမ်ပါ”
“ဖျားနေရင်းက ထွက်တဲ့ချွေးတွေကြောင့် အင်္ကျီတွေ အလျင်မီအောင် ခြောက်ဖို့ နေ့တိုင်း ကိုယ့်ဖာသာ အဝတ်လျှော်ရချိန်တွေ၊ ဖျားနေရင်းမှာ သတိလစ်မလို ဖြစ်ဖြစ်သွားလို့ သတိကို တောက်လျှောက် ရှိနေအောင် တရားမှတ်နေရတဲ့ အခိုက်အတန့်တွေဟာ အခုတော့ အားလုံး ပြီးဆုံးသွားပါပြီ။ ဒီလို နေ့ရက်တွေထဲ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေ၊ ချစ်ရသူ အများအပြားကိုလည်း နှုတ်ဆက်ခဲ့ရပါတယ်”
“ရင်ထဲမှာ ဝမ်းနည်းမိတိုင်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးနဲ့ အသက်ပေးထားရသူတွေ၊ ထောင်ထဲက မိတ်ဆွေတွေ၊ အိမ်နဲ့အဝေးမှာ ရုန်းနေရသူတွေ၊ အထူးသဖြင့် PDF ကလေးတွေရဲ့ စွန့်လွှတ်မှုတွေအတွက် ဓမ္မဘက်သားတွေနဲ့အတူ ဆက်ရှိနေနိုင်ဖို့ ရှင်သန်ခြင်းအတွက် ကြိုးစား ဖြတ်သန်းခဲ့ပါတယ်”လို့ သျှီက ဆိုပါတယ်။
အခုတော့ အသက် ဘေးကနေ ကင်းလွတ်ခဲ့ပြီဖြစ်တာကြောင့် ကျန်းမာရေး ကောင်းမွန်လာပြီ ဖြစ်ပြီး၊ COVID-19 ကို မပေါ့ဆကြဖို့ သျှီက အခုလိုပဲ ပြောထားပါတယ်။
“အခုတော့ အသက်ဘေးက ဝေးခဲ့ရပါပြီ။ အခုထိတော့ ကိုယ်တိုင်က ဆေးမစစ်ရသူမို့ ဘာဖြစ်ခဲ့မှန်း သေချာမသိပါ။ ဒါပေမဲ့ ကျန်းမာရေး တိုးတက် ကောင်းမွန်နေပါတယ်။ COVID ဟာ သေနိုင်တဲ့ ရောဂါပါ။ ပေါ့လို့ မရပါ။ ဒါပေမဲ့ အထူးကြောက်ရန်လည်း မလိုပါ။ စနစ်တကျ နေထိုင်စားသောက်ပြီး ညွှန်ကြားချက်တွေကို စိတ်အေးအေးထား နားလည်အောင် ကြိုးစားပြီး ဇွဲကောင်းကောင်း ဖြတ်သန်းရင် ပျောက်ကင်းနိုင်ပါတယ်”
“အထူးသဖြင့် ထိတ်လန့် စိုးရိမ် ပူပန်ခြင်းကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းဖြင့် အောက်ဆီဂျင် ကျဆင်းခြင်းကို ကာကွယ်ရပါမယ်။ အသက်ရှူ လေ့ကျင့်ခန်း နည်းမှန်ခြင်းနဲ့ အိပ်ရေးဝအောင် အိပ်စက်ခြင်းတို့ကလည်း အရေးအလွန်ကြီးပါတယ်”လို့ သျှီက ပြောပါတယ်။
ကိုဗစ် မဖြစ်သေးသူများလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာခဲ့တဲ့ နည်းတွေ အတိုင်း လိုက်နာကြပါလို့ ဆိုပါတယ်။
“မဖြစ်သေးသူများလည်း အမေစု မှာခဲ့တဲ့ ရိုးရှင်းတဲ့ နည်းတွေအတိုင်း Mask တပ်ပါ။ လက်ခဏခဏ ဆေးပါ။ လူစုလူဝေး ရှောင်ပါ။ ၆ ပေအကွာမှာ နေထိုင်ပါ။ အစမ်းသပ်ခံ နေ့ရက်တွေမှာ မိတ်ဆွေများ အားလုံး ဂုဏ်ထူးနဲ့ အောင်မြင်ကြပါစေ”
“အားတင်းပြီး မှန်ကန်စွာ ဖြတ်ကျော်နိုင်ကြပါစေ။ ကျန်းမာဘေးကင်း ချမ်းသာခြင်းများ ပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေ။ ကိုယ်တိုင်လည်း ကြိုးစားလျက်ပါ။ ကပ်ကြီးကိုလည်း ကျော်ဖြတ်မယ်။ အရေးတော်ပုံကြီးလည်း အောင်ရမယ်။ ပြီးရင် ပြန်ဆုံကြမယ်နော်”လို့ သျှီက ပြောထားပါတယ်။
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ