ဝါရင့် လူရွှင်တော်ကြီး၊ ဟာသသရုပ်ဆောင် မေတ္တာဟာ ယနေ့၊ သြဂုတ်လ ၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
လူရွှင်တော်ကြီး မေတ္တာဟာ မြန်မာရုပ်ရှင် လောကမှာ သရုပ်ဆောင်တဦး အနေနဲ့သာမက သဘင်လောကမှာလည်း လူရွှင်တော်အနေနဲ့ လုပ်ကိုင်ခဲ့ပြီး၊ နာမည်အရင်းက ဦးခင်မောင်မြင့် ဖြစ်ပါတယ်။
မေတ္တာဟာ တက္ကသိုလ် အနုပညာလောကမှ လာသူဖြစ်ပြီး၊ တက္ကသိုလ် အငြိမ့်ထဲမှာ လူရွှင်တော်အဖြစ် ပါဝင်ခဲ့ရာ အငြိမ့်မှာ “မေတ္တာ၊ ချစ်စရာ၊ ကရုဏာ၊ သစ္စာ” ဆိုပြီး လူရွှင်တော် လေးဦး ပေါ်ပေါက်ခဲ့ပါတယ်။

“မေတ္တာ” ဆိုတဲ့ နာမည်ကို စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ညွန့် ပေးအပ်ခဲ့တာ ဖြစ်ပြီး၊ အဲဒီခေတ်က မေတ္တာနဲ့ တွဲဖက် နာမည်ကြီးသူဟာ လူရွှင်တော် ကွမ်းသီး ဖြစ်ပါတယ်။
မေတ္တာ ကွယ်လွန်မှုအပေါ် နယ်ပယ်ပေါင်းစုံမှ အနုပညာရှင်များက စိတ်မကောင်းဖြစ်နေကြပြီး၊ လူမှုကွန်ရက်မှာ အခုလိုပဲ ဝမ်းနည်းစကားများ ဆိုထားကြပါတယ်။
အဆိုတော် Rဇာနည်
“ဦးမေတ္တာကြီးနဲ့ ဆိုပျော်ပြိုင်တော့ စတွေ့တာပေါ့။ အခုမှ တွေ့တဲ့ ကလေးတွေကို သားသမီးအရင်းတွေလို ဆက်ဆံ ပြောဆိုတတ်တော့ နွေးထွေးပျော်ရွှင်စွာ ပြိုင်ပွဲဝင်ကြရတာ မေ့မရ၊ ပြီးတော့ အခုချိန်ထိ ချစ်ခင် ခင်မင်လာခဲ့ကြတာပေါ့”
“တွေ့ဖြစ်တဲ့အခါတိုင်း အတိတ်ကအကြောင်းတွေ ပြန်ပြောဖြစ်ပြီး အမြဲ ဆုံးမစကား ပြောလေ့ရှိတဲ့ ဦးမေတ္တာကြီး အခုတော့ လတ်တလော စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေကြီးကို စွန့်ခွာသွားခဲ့ပြီပေါ့။ ဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ်။ ဦးမေတ္တာကြီး ကောင်းရာသုဂတိလားပါစေ”
သရုပ်ဆောင် မြတ်ကေသီအောင်
“ကိုယ့်လက်ဦးဆရာထဲမှာ ပါတဲ့ ဦးမေတ္တာ ကွယ်လွန်သွားပြီ။ တကယ် ဝမ်းနည်းရတယ်။ ညီမလေး နေကောင်းလားတဲ့။ ဖုန်းဆက်ပြီး သတင်းမေးပြီး သူကတော့…”
သရုပ်ဆောင် လင်းမြတ်
“ဟေ့သားလေး နေကောင်းလားလို့ မကြားရတော့ဘူးပေါ့။ အမှတ်တရတွေအကုန် သိမ်းထား၊ မှတ်မိပါတယ်ဗျာ။ ကောင်းရာဘုံဘဝ ရောက်ပါစေ ဦးရေ။ တော်ပါတော့ ဝူဟန်ရယ်”

လူရွှင်တော် ငြိမ်းချမ်း
“ဘယ်လိုမှ မယုံနိုင်ဘူးဗျာ အထပ်ထပ် ပြန်ကြည့်ပြီး ဟုတ်ရဲ့လားလို့ ထင်နေတုန်းပါပဲဗျာ။ ကိုမေတ္တာရေ ကောင်းသော ဘုံဘဝ ရောက်မှာပါဗျာ။ စိတ်ထဲ တော်တော် မကောင်းပါဘူးကွာ။ မိသားစုနဲ့ ထပ်တူပါပဲ။ သားလေး ကိုဟိန်းရေ ရင်ထဲမချိအောင် ခံစားရတယ်ကွာ”
အဆိုတော် နေသန်
“ကျနော် ငယ်ငယ်တုန်းက မြန်မာပြည်မှာ “ဆိုကြမယ် ပျော်ကြမယ်” ရိုက်ကူးရေးတွေမှာ ဆုံခဲ့ဖူးတဲ့ စွယ်စုံရ ဟာသ အနုပညာရှင် ဦးမေတ္တာ။ မြင့်မြတ်တဲ့ ဘုံဘဝမှာ ငြိမ်းချမ်းမှု ရပါစေ”
လူရွှင်တော် ကောင်းကျော်
“ရုပ်ရှင်နှင့် ဗီဒီယို ဟာသ သရုပ်ဆောင် ကိုမေတ္တာ ကွယ်လွန်သွားပါပြီ။ သွားနှင့်ပေဦး အစ်ကိုရေ”
သရုပ်ဆောင် ချောရတနာ
“ဦးမေတ္တာကြီးရေ။ ကောင်းရာဘုံဘဝ ရောက်ပါစေ။ ကိုဗစ်ရယ် ရက်စက်လိုက်တာ”

သရုပ်ဆောင် အိတုံ
“အမြဲပြုံးရယ်နေတတ်တဲ့ ဦးမေတ္တာ ကောင်းရာဘုံဘဝ ရောက်ပါစေ”
ထုတ်လုပ်သူ ကိုတင်ထွန်းဝင်း
“လူရွှင်တော်၊ သရုပ်ဆောင် ဦးမေတ္တာ ကွယ်လွန်သွားသည့်အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါသည်”
ဒါရိုက်တာ မဟာ
“စိတ်ထားကောင်းတဲ့ အစ်ကိုကြီးပါ။ ကောင်းရာမွန်ရာ ရောက်ပါစေ”
လူရွှင်တော် လူမော်
“အနုပညာ ချစ်ညီအစ်ကိုများခင်ဗျာ။ နိုင်ငံကျော် ရုပ်ရှင်နှင့် ဟာသ မင်းသားကြီး ဦးမေတ္တာ အခုပဲ ဆုံးသွားပါပြီ။ ကျနော့် ဆရာ ဘဝဆက်တိုင်း ဒီလို ရောဂါဆိုး၊ ဒီလို အကျင့် မကောင်းတဲ့ အစိုးရနဲ့ ကင်းဝေးလို့ ကောင်းရာဘဝ ရောက်ပါစေ။ ဦးချလို့ ကန်တော့ပါတယ် အစ်ကိုဆရာ။ ကောင်းရာဘဝ ရောက်ပါစေ”

သရုပ်ဆောင် သင်ဇာဝင့်ကျော်
“ကောင်းရာမွန်ရာ ရောက်ပါစေ ဦးမေတ္တာရေ။ ရှုတင်မှာဆုံတိုင်း ပြောဆို ဆုံးမပေးတဲ့အတွက် ကျေးဇူးပါ။ လေးစားရတဲ့ အနုပညာကြယ်တပွင့် ထပ်ဆုံးရှုံးရပြန်ပြီ။ စိတ်မကောင်းတာထက် ပိုတယ်”
သရုပ်ဆောင် ရဝေအောင်
“နောက်နေ့တွေမှာ အခုလိုသတင်းတွေ မကြားပါရစေ ကိုဗစ်ကြီးရေ။ ဦးမေတ္တာ ကောင်းရာဘုံဘဝ ရောက်ပါစေ”
လူရွှင်တော်ကြီး မေတ္တာဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ မိသားစုဝင်အနေနဲ့ ဇနီးနဲ့ သားသမီး နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ