အဆိုတော် မိုင်းမိုင်ဆိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် တဦးအဖြစ် စစ်သင်တန်း တက်နေကြောင်း လူမှုကွန်ရက်ကနေ အသိပေးခဲ့ပြီး၊ ပုံတင်ခဲ့တဲ့အကြောင်း အခုလိုပဲ ဆိုပါတယ်။
“ဒီပုံတွေ တင်တာနဲ့ ပတ်သက်ပြီး မိတ်ဆွေတယောက်က မေးတယ်။ ဘာလို့ ပုံတွေ တဇွတ်ထိုး တင်နေတာလဲ။ နင့်ရှေ့ရေး ဘယ်လို လုပ်မလဲ။ သီချင်း ဘယ်လို ဆိုစားတော့မလဲတဲ့”
“ကျနော် ဘာမှ မဖြစ်ချင်တော့လို့ တင်တာပါ။ ကျနော်ဟာ PDF စစ်သား တယောက်ပါ။ ကျနော့်လိုပဲ အားလုံး စွန့်လွှတ်ပြီး PDF ထဲ ဝင်လာသူ ညီအစ်ကို မောင်နှမများစွာ ရှိပါတယ်။ ကျနော့်ထက်တောင် အရင်းအနှီးကြီးတဲ့သူတွေ ဒုနဲ့ဒေးပါ။ မိဘတွေ ကိုဗစ်ကြောင့် ဆုံးသွားတဲ့ မောင်နှမတွေ အများကြီးပါ။ ထပ်တူ ကြေကွဲရပါတယ်”လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
ကိုယ်တိုင်က ထိတ်ထိတ်ကြဲ နာမည်ကြီး မဟုတ်ပေမယ့် အားလုံးနဲ့အတူ ရှိနေကြောင်း၊ PDF မောင်နှမတွေ စိတ်ဓာတ်မကျဖို့ တင်တာပါလို့ ဆိုပါတယ်။
“ကျနော်က ထိတ်ထိတ်ကြဲ နာမည်ကြီး မဟုတ်ပေမယ့်၊ ကျနော့် အရှိန်အဝါက ဘာမှ မရှိပေမယ့် အတူတူ စွန့်လွှတ် စွန့်စားနေတဲ့ ရဲဘော်ရဲဘက် သူငယ်ချင်းများအားလုံး နည်းနည်းလေးဖြစ်ဖြစ် အားတက်သွားစေချင်လို့ တင်တာပါ။ ခင်ဗျားတို့ပဲ မဟုတ်ပါဘူး။ ကျနော်လည်း ခင်ဗျားတို့နဲ့ အတူတူပါဆိုတာ သိစေချင်တာပါ။ PDF မောင်နှတွေ စိတ်ဓာတ်မကျကြေး”လို့ မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။
အခုလို ပုံတင်လိုက်တဲ့အတွက် ဘာတွေ ထိခိုက်ဆုံးရှုံးရမယ်ဆိုတာ သိတယ်လို့ သူက ဆိုပါတယ်။
“ဒီလိုတွေ တင်လို့ ဘာတွေ ထိခိုက်ဆုံးရှုံးရမယ် ကျနော် သိပါတယ်။ အိမ်ပြန်လို့မရ၊ အရင်လို လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ရ၊ မရတော့ ဘုရားပဲ သိတော့မယ်။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ် ဖြေသိမ့်ထားပြီးသား၊ ဆုံးဖြတ်ပြီးသားပါ။ ကျနော်ဟာ အရမ်းနာမည်ကြီး အနုပညာသမား မဟုတ်ပေမယ့် မြန်မာနိုင်ငံ တော်တော်နှံ့နှံ့ သီချင်းဆိုဖူးသွားပြီ။ ရောက်ဖူးပြီးသွားပြီ”
“ကမ်းခြေတွေလည်း မရောက်ဖူးတဲ့ ကမ်းခြေ မရှိသလောက် ရောက်ဖူး ပျော်ဖူးသွားပြီ။ နိုင်ငံခြား ခရီးစဉ်တွေလည်း သူများထက် ပိုသွားဖူး၊ ရောက်ဖူး၊ ဆိုဖူးပြီ။ အစားကောင်းတွေလည်း ကောင်းပေ့ဆိုတာတွေ ကျနော် စားဖူးပြီ။ ကျနော့်အတွက် လုံလောက်ပါပြီ။ ကျေလည်း ကျေနပ်သင့်ပါပြီ။ သွားဖူး၊ လာဖူး၊ စားဖူးတဲ့ အရသာတွေ သိနေတော့ ပြန်တမ်းတမိရုံကလွဲလို့ ရောင့်ရဲနိုင်ပါပြီ”လို့ မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။
မိုင်းမိုင်ဆိုင်းက အေးချမ်းသွားတဲ့ တနေ့ ပြန်လာလို့ ရရင် ပြန်လာချင်ပြီး၊ အဝေးကနေပဲ သီချင်းတွေ ဖန်တီးပြီး တင်ပေးသွားမယ်လို့ ဆိုပါတယ်။
“ကျနော်ကပဲ အရမ်းဆုံးရှုံးသူကြီးလို ကြောက်နေ ဝမ်းနည်းနေရင် ကျနော့်ထက် ပိုနာမည်ကြီးတဲ့ ကိုမင်းမော်ကွန်းတို့၊ ကိုကျားပေါက်တို့၊ မိတ်ကပ် မေဦးတို့၊ ထားထက်ထက်တို့၊ နိုဗန်ထူးတို့က ရယ်နေပါဦးမယ်။ ဒီတော့ အေးချမ်းသွားတဲ့ တနေ့ ပြန်လာလို့ ရရင်လည်း လာမယ်”
“မရရင်လည်း ပိုကောင်းတဲ့ နေရာမှာ ပိုကောင်းတဲ့ အနေအထားနဲ့ ရှိရင် ရှိနေမယ်။ မဟုတ်ရင်လည်း တောင်ပေါ်ဒေသမှာ အိမ်လေးဆောက် စိုက်ခင်းတွေလုပ်ပြီး အေးအေးချမ်းချမ်း နေသွားမယ်”
“အဝေးကနေ သီချင်းတွေ ဖန်တီးပြီး ကျနော့်ရဲ့ Youtube Channel နဲ့ Page တွေကနေ တင်ပေးသွားမယ်။ အဲဒီအခြေနေတွေအထိ မရောက်ဘဲ သေသွားမယ်ဆိုလည်း လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့ပြီမို့ ကျေကျေနပ်နပ် သေသွားပါမယ်”လို့ မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။
ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်းဟာ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်ဟောင်း တဦးဖြစ်ပြီး၊ “ခေတ်သစ်နီတိ”ဆိုတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ အနုပညာရှင်အချို့ စစ်သင်တန်း တက်နေကြပြီး၊ အဲဒီထဲမှာ အလှမယ် ထားထက်ထက်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ အဆိုတော် နိုဗန်ထူး၊ လူရွှင်တော် “ဟားငါးကောင်အဖွဲ့” ၊ Makeup Artist မေဦးနဲ့ ဟန်လင်း စတဲ့ နာမည်ကြီးသူများ ပါဝင်ကြပါတယ်။
You may also like these stories:
ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်
မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ
မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ