တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က တော်လှန်ရေး ရဲဘော်တွေအတွက် အလှူငွေ ကျပ် သိန်း ၂၅၀၀ လိုအပ်နေတာကြောင့် လှူဒါန်းပေးကြဖို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ တိုက်တွန်း နှိုးဆော်ထားပါတယ်။
“လိုရင်းပဲ ပြောပါရစေ။ မကြာခင် အရေးကြီး အခြေအနေတခုကို ဖြတ်သန်းရတော့မယ်လို့ ကျမတို့ ညီအစ်ကိုမောင်နှမ ရဲဘော်တွေ သိရှိပြင်ဆင်လျက် ရှိပါတယ်”
“ကလေးတွေအတွက် အမြဲတမ်း ရှင်သန်နေမယ့် အလှူငွေ ပဒေသာပင် တည်ဖို့အလှူခံလိုပါတယ်။ ကျပ်သိန်း ၁၀၀၀ လက်ထဲ ရှိပါတယ်။ ကျပ် သိန်း ၂၅၀၀ လိုအပ်နေပါတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရမှုတွေကြောင့် အလှူမခံတော့ဖို့ ဆုံးဖြတ်ထားပေမယ့် ငွေပဒေသာပင် ဖြစ်တာမို့ အမြန်ဆုံး လှူပေးကြပါလို့ တောင်းဆိုပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေက ရရှိခဲ့တဲ့ အလှူငွေများထဲမှ ကျပ်သိန်း ၁၁၀၀ ကျော်ကို လိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူရန် လွှဲပြောင်းပေးခဲ့ပြီး၊ ကျန်ငွေ ကျပ်သိန်း ၁၀၀၀ ကို ရန်ပုံငွေ ပဒေသာပင်လုပ်ဖို့ တိုင်ပင်ထားတယ်လို့ ဆိုပါတယ်။
“ကျမတို့ ရဲဘော်တွေအတွက် လူသားချင်း အထောက်အကူပြုပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ ဇွန်လနဲ့ ဇူလိုင်လများမှာ အလှူခံခဲ့တာ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ ဆက်လက် လှူဒါန်းပေးခဲ့ကြတဲ့ အလှူငွေများအရ အားလုံး စုစုပေါင်း ကျပ်သိန်း ၂၁၀၀ ကျော် ရရှိခဲ့ပါတယ်”
“ကျပ်သိန်း ၁၁၀၀ ကျော်ကို ဇွန်လအတွက် လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူရန် လွှဲပြောင်းပေးခဲ့ပြီးပါပြီ။ ကျန်ငွေ ၁၀၀၀ ကို အမြဲတမ်း ရှင်သန်နေမယ့် ရန်ပုံငွေ ပဒေသာပင်လုပ်ဖို့ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးပါပြီ”လို့ ထားထက်ထက်က ဆိုပါတယ်။
အဆိုပါ ရရှိတဲ့ အလှူငွေတွေကို နေ့စဉ် ကြေညာပြီး အမြန် စာရင်းပိတ်နိုင်ရန် ကူညီပေးကြဖို့ ထားထက်ထက်က တောင်းဆိုထားပါတယ်။
ထားထက်ထက်ဟာ ပြီးခဲ့တဲ့လအတွင်းက ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရမှုတွေအပြင် သူ့ရဲ့ဖခင်ကို ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားခဲ့ရပြီး၊ ယခုအခါ ဆက်လျှောက်ရမယ့်လမ်းကို ရင်ကော့ ခေါင်းမော့ကာ ဆက်လျှောက်သွားမယ်လို့ ဆိုပါတယ်။
“ဆိုးရွားတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ သိက္ခာပိုင်း တိုက်ခိုက်မှုတွေအပြင် နှလုံးသားတွေ တစစီ ဖြစ်သွားလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြေကွဲစရာ ကိစ္စတွေလည်း ဒီရက်ပိုင်းထဲ ဖြစ်ပျက်ခဲ့ပြီးပါပြီ။ နှုတ်ဆက်စရာ ရှိတာတွေ နှုတ်ဆက်ပြီးပြီမို့ ဆက်လျှောက်ရမယ့်လမ်းကို ရင်ကော့ ခေါင်းမော့လို့ အဖေ့သွေးအပြည့်ပါတဲ့ သမီးအနေနဲ့ အဖေဖြစ်စေချင်တဲ့အတိုင်း ဆက်လျှောက်ပါဦးမယ်”လို့ ထားထက်ထက်က ပြောထားပါတယ်။
အလှမယ် ထားထက်ထက်ဟာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး၊ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ တော်လှန်ရေး နယ်မြေကို ရောက်ရှိနေသူ ဖြစ်ပါတယ်။